(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားသမား လူရွေးချယ်ပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄
    
၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများ ဝိတ်တန်းအလိုက် လူရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပသည်။

လူရွေးချယ်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ  တက်ရောက် ကြည့်ရှုအားပေးကြသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာ ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  မိမိတို့နိုင်ငံ၏ အားကစား အဆင့်အတန်းတိုးတက်မြင့်မားစေ ရေးနှင့် အရှေ့တောင်အာရှတွင် အောင်မြင်မှုများပိုမိုရရှိအောင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြရန်၊ လူငယ်များ၏အခန်းကဏ္ဍ အောင်မြင်တိုးတက်စေရေးအတွက်လည်း ပူးတွဲလုပ်ကိုင်ဆောင် ရွက်သွားကြရန်၊ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများကို တိကျသေချာစွာ လိုက်နာဆောင်ရွက်ပြီးဝန်ထမ်းကျင့်ဝတ်နှင့်အညီ ပြုမူပြောဆို နေထိုင်ကြရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရာတွင် ကျရာနေရာမှ  ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့်  ရှေ့ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် ဝန်ထမ်းများအားလုံး  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြရန်တိုက်တွန်း ပြောကြားသည်။
    
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ မဏိကမ္ဘာကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ခန့်တည်ကြည်ကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်း အသစ် ပြန်လည်ခင်းကျင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစေရန်နှင့် အချိန်မီပြီးစီး စေရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)