(၃၇)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် ၉

(၃၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်ကျေးရွာမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကာ “မီဒီယာအားဖြင့် အသိပညာမျှဝေခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခဌာနမှူး ဒေါက်တာ ရာဇာဟိန်းနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန လက်ထောက်သုတေသနအရာရှိ ဒေါ်နှင်းနှင်းလှိုင်တို့က မီဒီယာအားဖြင့် အသိပညာမျှဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို တင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ တောင်သူလယ်သမားရုပ်သံကဏ္ဍမှ နည်းပညာပေးဗီဒီယိုများ ရိုက်ကူး၍ တယ်လီဂရမ်၊ ဖေ့ဘုတ်တို့၌ တင်ပေးထားသည်ကို သိရှိရန်လိုအပ်ကြောင်း၊ တောင်သူဦးကြီးများ မှန်ကန် တိကျသော သတင်းအချက်အလက်များ လျှင်မြန်စွာရရှိရေးသည် အရေးကြီးကြောင်း၊ ကျေးရွာတိုင်းတွင် တောင်သူများ မီဒီယာအသိပညာရရှိစေရန် မိုလ်ဘိုင်းဖုန်း မှန်ကန်စွာ သုံးစွဲနည်း သင်တန်းဖွင့်လှစ်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တောင်သူများ ပူးပေါင်းပါဝင်သော မီဒီယာအားဖြင့် အတူတကွ ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားကြရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ရိုက်ကူးထားသော နှမ်း၊ မြေပဲ၊ ပဲပုတ် ဘောင်ကြီးတင်နည်းပညာပေး ဗီဒီယိုကိုပြသပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် ပညာရှင်များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်