၃၉ စက္ကန့်တိုင်းတွင် အဆုတ်ရောင်ရောဂါဖြင့် ကလေးတစ်ဦးသေဆုံးဟု အေဂျင်စီများက သတိပေးပြောကြား

၁၃ နိုဝင်ဘာ

 

ပြီးခဲ့သည့်နှစ်က အဆုတ်ရောင် ရောဂါဖြင့်  ငါးနှစ်အောက် ကလေး ၈၀ဝ၀ဝ၀ ကျော်  သေဆုံးခဲ့ကြောင်း (သို့မဟုတ်) ၃၉ စက္ကန့်တိုင်းတွင် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။

 

 

1

 

နိုဝင်ဘာ ၁၂ ရက်နေ့ကို ကမ္ဘာ့အဆုတ်ရောင် ရောဂါနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ကလေးများ အဖွဲ့အစည်း ခြောက်ဖွဲ့က ဦးဆောင်ကာ ထိုနေ့ကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု ပြုလုပ်ရန်အတွက် မေတ္တာရပ်ခံမှု စတင်ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အများအားဖြင့် ကာကွယ်ကုသနိုင်သော ရောဂါဖြစ်သည့် အဆုတ်ရောင်ရောဂါဖြင့် ငါးနှစ်အောက် ကလေးငယ် ၂၂၀ဝ နီးပါး နေ့စဉ်သေဆုံးနေကြောင်း ဖော်ပြထားသည်။

 

ထိုရောဂါတိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ ခိုင်မာသော ကတိကဝတ် နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးပွားမှုတို့သည်  အလွန်အရေးပါကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ  ဟန်ရီတာဖို့က ပြောကြားခဲ့သည်။

 

ထိုအဆုတ်ရောင် ရောဂါကြောင့် နှစ်နှစ်အောက် ကလေးငယ် သေဆုံးမှု အများဆုံးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆုတ်ရောဂါဖြင့် သေဆုံးသူကလေး ထက်ဝက်ကျော်မှာ နိုင်ဂျီးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီသီယိုပီးယား နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ တို့မှ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို