(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စတုတ္ထနေ့ ဆက်လက်ကျင်းပ 

ရန်ကုန် ဖေဖော်ဝါရီ  ၂၃

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌  ဆက်လက်ကျင်းပသည်။ 

ညီလာခံ စတုတ္ထနေ့တွင် မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် အရည်အသွေးပြည့်မီသော လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အောင်မြင်ရေးအတွက် အခြေခံ ကျသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်အပေါ် လက်ရှိအခြေအနေအား သုံးသပ်ခြင်း၊ မဟာဗျူဟာများ ဖော်ထုတ်ခြင်းနှင့် ကတိကဝတ်များဆိုင်ရာ ဆွေးနွေးခြင်းကို “ Myanmar Health Workforce for the SDG and 2030 UHC Targets:   Situational Analysis, Strategies and Commitments ” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် ဆွေးနွေးကြသည်။ 

အဆိုပါနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခ‌ဒေါက်တာ‌‌‌ဖေသက်ခင်နှင့် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဌ ပါမောက္ခဒေါက်တာ ခင်မောင်အေးတို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ၏ အရေးပါမှုနှင့်ပတ်သက်၍ အမှာစကား ပြောကြားကြသည်။ 

ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကတိကဝတ်များ၊ တက္ကသိုလ်/ကျောင်း များတွင် အရည်အသွေး အာမခံမှုစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်နိုင် မှု အခြေအနေများ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ကျန်းမာရေးလူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်အခန်းကဏ္ဍများကို ဆွေးနွေးပြော ကြားပြီး ပါမောက္ခများ၊ ပညာရှင်များနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းနှင့် အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို ကျင်းပရာ စာတမ်းရှင်များက သုတေသနစာတမ်း စုစုပေါင်း (၁၁)စောင်ကို ဖတ်ကြားတင်သွင်းကြပြီး ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ သုတေ သီများနှင့် တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုကြသည်။ 

(သတင်းစဉ်)