နေပြည်တော် ဒီဇင်ဘာ ၇

(၅၅)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ “ကူမင်း ပန်းဈေးကွက် အလားအလာနှင့် ပန်းမန် ဆိုင်ရာသုတေသနများအကြောင်း "ခေါင်းစဉ်ဖြင့် ကျင်းပသည်။ 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က တောင်သူကြီးများအနေဖြင့် ပန်းစိုက်ပျိုးသူ အသင်း အဖွဲ့များ ဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်စေလိုကြောင်း၊အိမ်ခြံမြေအတွင်း ဥယျာဉ်ခြံ စိုက်ပျိုးခြင်း အတွက် ပန်းမာန်စိုက်ပျိုးမှုကို အထူးအားပေးလိုပါကြောင်း ၊ယာမြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ဈေးကွက်နှင့်ချိတ်ဆက် စိုက်ပျိုးတင်ပို့နိုင်ရေး စိုက်ပျိုး ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန၊ Asia Flower Mall Myanmar Co,ltd တို့နှင့် အားလုံးချိတ်ဆက် ဆောင်ရွက်စေလိုပါကြောင်း၊  သဇင်၊ နှင်းဆီကဲ့သို့ ပန်းသုတေသနများ ပိုမိုတိုးတက်ဆောင်ရွက်စေလိုကြောင်ဆွေးနွေး ပြောကြားသည်။  

ဆက်လက်၍ Asia Flower Mall Myanmar Co,ltd မှ Director ဒေါ်ဖွေးဖွေးသန့် က ကူမင်းမြို့ရှိ Dou Nan ပန်းဈေးကြီးနှင့် ကူမင်း ပန်းဈေးကွက် အလားအလာနှင့်စပ်လျဉ်း၍ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ ကိုလည်းကောင်း၊ Asia Flower Mall Myanmar Co,ltd က ကူမင်းပန်းဈေးကွက် သို့တင်ပို့ရန် မန္တလေးတိုင်း၊ ပြင်ဉီးလွင်ခရိုင်၊ ပွဲကောက်ရွာ၊ စုပေါင်းခြံ တွင်တို့တွင် စိုက်ပျိုးထုတ်လုပ်နေမှု၊ ဈေးကွက်သို့ တင်ပို့ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေ များနှင့် ဆက်စပ်၍ လည်းကောင်း၊ စိုက်ပျိုး ရေးသုတေသန ဦးစီးဌာန၊ ပန်းမန်သုတေသန ဌာနစုမှ ဒေါ်နှင်းနှင်းနွယ်က ပန်းမန်ဆိုင် ရာသုတေသနများ ဆောင်ရွက်နေမှု အကြောင်း နှင့်စပ် လျဉ်း၍ လည်းကောင်းတင်ပြဆွေးနွေးကြရာ တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေး နွေးကြပြီး ဒုတိယဝန်ကြီးက သုတေသနနှင့် Asia Flower Mall Myanmar Co,ltd တို့မှ တောင်သူများနှင့် ကုမ္ပဏီ ပူးပေါင်း၍ ကူမင်းပန်းဈေးကွက် ပို့ဆောင်နိုင်ရေး ရှေးဦးစွာ ဆောင်ရွက်ရမည့် သုတေသနများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆွေးနွေးသည်။ 

ယနေ့ကျင်းပသည့် (၅၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနများမှတာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုး ပညာပေးပညာရှင်များ ၊ ဇေယျာသီရိမြို့နယ် နှင့် လယ်ဝေးမြို့နယ်တို့မှ တောင်သူ ၉၀ တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများက Zoom point ၆၈ point မှတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်