(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

 

မော်လမြိုင်၊ အောက်တိုဘာ ၁                                

                                   

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ  တက်ရောက်ကြသည်။

 

ဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သော (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက ဖတ်ကြားသည်။ ထို့နောက် မှုခင်းများတွင် စွမ်းစွမ်းတမံ ဖော်ထုတ် ဖမ်းဆီးခဲ့သော ရဲအရာရှိများနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဆင့်တိုး ရာထူးတံဆိပ် တပ်ဆင်ပေးသည်။

 

ဆက်လက်၍ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ခန်းမအတွင်း ပြသထားသည့် ပြခန်းကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

mdn