(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၇

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၇၀၀ တို့က  ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အဦများပေါ်ရှိ အမှိုက်များ၊ သစ်ရွက် ခြောက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အဦဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ စုပေါင်းသန့်ရှင်ရေးလုပ်အားပေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ရဲအရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းသန့် ရှင်း ရေးလုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို ရေသန့်၊ ကော်ဖီ၊ ဆီထမင်းနှင့် အကြော်စုံတို့ဖြင့် ဧည့်ခံကျွေးမွေးသည်။

စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ပျော်ရွှင်စွာဖြင့် အတူတကွ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်