(၆၉) ကြိမ်မြောက် ဖီဖာကွန်ဂရက်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်

နေပြည်တော် ၆ ဇွန် 


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ (၆၉)ကြိမ်မြောက် ဖီဖာကွန်ဂရက်ကို ယနေ့နံနက်ပိုင်းမှစ၍ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပရာ အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့သည်။ 


 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများသည် ဖီဖာကွန်ဂရက် ကျင်းပနေစဉ်ကာလအတွင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံလျက်ရှိပြီး ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းနေမှုများနှင့် ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို၊ ထိုင်းဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ ထို့ပြင် အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့သည် ဇွန် ၃၊ ၄ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပသည့် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ကိုလည်း တက်ရောက်ခဲ့သည်။ ယင်းကွန်ဂရက်တွင်  ၂၀၁၉-၂၀ ဘဏ္ဍာရေး အစီရင်ခံစာနှင့် AFC အဖွဲ့ဝင်နိုင်ငံများအတွက် ဖွံ့ဖြိုးရေးရံပုံငွေ တိုးမြှင့်ပေးအပ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ပြီး ၂၀၂၃ အာရှဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံကို ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ဖီဖာ အမျိုးသမီးဘောလုံး ညီလာခံကိုလည်း ဇွန် ၆၊ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးသွားမည်ဖြစ်သည်။


သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-MFF