(၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇွန် ၂၁ ရက် နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual Conference စနစ်ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်စိုးက ဆောင်ရွက်ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြား၍ တက်ရောက်လာသူများက မိတ်ဆက်စကားပြောကြားကြသည်။ ဆက်လက်၍ မဟာမဲခေါင်ဒေသခွဲ အတွင်းရေးမှူးရုံးမှ Mr. Alan Baird က (၅)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်း အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲအစီအစဉ် ပထမပိုင်းတွင် မဟာမဲခေါင်ဒေသခွဲ အတွင်းရေးမှူးရုံးမှ Mr. Antonio Ressano က မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက မိမိတို့ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။ ဆွေးနွေးပွဲအစီအစဉ် ဒုတိယပိုင်းတွင် မဟာမဲခေါင်ဒေသခွဲ အတွင်းရေးမှူးရုံးမှ Mr. Antonio Ressano နှင့် Mr. Srivastava တို့က မဟာမဲခေါင်ဒေသခွဲ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မူဘောင် (၂၀၁၅-၂၀၂၂)နှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဘောင် (၂၀၂၄-၂၀၂၆) တို့နှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ်ခြင်းနှင့်    ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များက ၎င်းတို့၏ ဆောင်ရွက်ထားရှိမှုများ၊ ထပ်မံဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးကြသည်။

ထို့နောက် (၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပရန် ရွေးချယ်သတ်မှတ်ခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် သဘာပတိ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက အမှာစကား ပြောကြားကာ (၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်ကြပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးမြင့်ဦး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ GMS National Secretariat အဖြစ် တာဝန်ယူဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်