(၇၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓအဘိသေက အနေကဇာတင်လှူပွဲနှင့် စုပေါင်းရေစက်ချ မင်္ဂလာ အခမ်းအနားကျင်းပ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

 

ဆဋ္ဌသင်္ဂါယနသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး(၇၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓအဘိသေက အနေကဇာတင်လှူပွဲနှင့် စုပေါင်းရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါစေတီတော်မြတ်ကြီးအတွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသည့် စေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူ ကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဦးစိန်မော်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး၊ မရမ်းကုန်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များတက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များက သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်မြတ်ကြီးအား ဗုဒ္ဓအဘိသေက အနေကဇာတင်တော်မူကြသည်။

 

ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကြသည်။

 

ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက (၇၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လျှောက်တင်သည်။

 

ယင်းနောက် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်းသိရသည်။

 

သတင်းစဉ်