(၇၂) ကြိမ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဂုဏ်ပြုသောအားဖြင့် သံဓာတ်ချို့တဲ့မှု အသိပညာပေး

ရန်ကုန် ၁၆ အောက်တိုဘာ

(၇၂) ကြိမ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ဂုဏ်ပြုသောအားဖြင့် သံဓာတ်ချို့တဲ့မှုဆိုုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ အစားအသောက် အာဟာရ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ခင်မာချို၊ အာဟာရဆိုင်ရာ အကြံပေး ဒေါက်တာ ဝင်းဝင်းမြင့်၊ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အဆိုတော်နှင့် သရုပ်ဆောင် ချစ်သုဝေနှင့် မှုလတန်းနှင့် အလယ်တန်းပြ ဆရာမ ဒေါ်နီလာထွန်းတို့က ဆွေးနွေးကြသည်။

"မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံဓာတ်ချို့တဲ့မှုတွေကို လူတွေပိုမို သတိထားလာပြီး မိသားစုအတွင်း သံဓာတ်ချို့တဲ့မှု ပြဿနာတွေကို လျစ်လျူရှုခြင်းဟာ ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းကို အများပြည်သူသိရှိစေဖို့ ဒီစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပတာပါ။ ကိုယ်စားသောက်လိုက်တဲ့  အစားအသောက်ဟာ ကိုယ့်အပေါ် သက်ရောက်မှုရှိပြီး အရာအားလုံး မျှတတဲ့အာဟာရ စားသုံးမှုအပေါ် လုံးဝမူတည်ပါတယ် "ဟု ဒေါက်တာခင်မာချိုက ပြောသည်။

သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသော သွေးအားနည်း ရောဂါသည် အမျိုးသမီးများ၊ မွေးကင်းစ ကလေးများနှင့် ကလေးငယ်များ အပါအဝင် ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

"သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါဟာ လွယ်လင့်တကူ ကုစားနိုင်ပေမယ့်လည်း ကလေးငယ်တွေရဲ့ သင်ယူ နိုင်စွမ်းရည်ကို ပြင်းထန်စွာ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရင် လူ့နှလုံးဟာ အောက်ဆီဂျင် ထုတ်လုပ်မှု နည်းပါးလာပြီး အောက်ဆီဂျင် လုံလောက်စွာ ရှိဖို့အတွက် သွေးပိုမို ပန်းထုတ်ပေးရတာမို့လို့ နှလုံးခုန်နှုန်း မမှန်တာ၊ နှလုံးရပ်တာတွေကို ဖြစ်ပွားစေနိုင်ပြီး အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်ပွားနိုင်တယ်" ဟု ဒေါက်တာ ဝင်းဝင်းမြင့်က ပြောသည်။

သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသော သွေးအားနည်းရောဂါ၏ မပြင်းထန်သည့် လက္ခဏာမှာ အလိုအလျောက် နွမ်းနယ်ခြင်း ဖြစ်ကြောင်း၊ သံဓါတ်ချို့တဲ့နေသည့် အမျိုးသမီး တစ်ဦးသည် ရောဂါကို ကောင်းမွန်စွာ ကုသခြင်းမရှိဘဲ ကလေးမွေးပါက မွေးလာသည့် ကလေးမှာ အာဟာရဓာတ် ချို့တဲ့နိုင်ပြီး ပြင်းထန်သည့် အခြေအနေတွင် လမစေ့ဘဲ ကလေးမွေးခြင်း၊ အလေးချိန် မပြည့်ခြင်းတို့ ဖြစ်ပွားစေနိုင်ကြောင်း၊ မွေးဖွားပြီး ရက်ပေါင်း တစ်ထောင်အတွင်း သံဓာတ်ပမာဏ လုံလောက်စွာ မရရှိပါက ကလေး၏ ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေမှာ ဖြစ်ကြောင်း သိရသည်။

"အစ်မတို့တိုင်းပြည်မှာ တချို့တွေကလည်း ကျန်းမာရေး ကောင်းဖို့ ကြိုတင် ကာကွယ်ကြတယ်၊ ဒါ့အပြင် အကောင်းဆုံးပဲ ကိုယ့်ရဲ့ အမူအကျင့်တွေ၊ နေထိုင် စားသောက်မှုတွေ၊ ပြောင်းလဲလိုက်ရုံနဲ့ ကျန်းမာလှပတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ" ဟု ချစ်သုဝေက ပြောသည်။

မြန်မာနိုင်ငံ၌ အာဟာရချို့တဲ့မှုနှုန်း မြင့်မားလျက်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အာဟာရချို့တဲ့မှု တတိယမြောက် အမြင့်မားဆုံး နိုင်ငံအဖြစ် စာရင်းဝင်လျက် ရှိကြောင်း၊ ကျန်းမာရေး အချက်အလက်ဆိုင်ရာ လေ့လာချက်များအရ မြန်မာနိုင်ငံတွင် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးမှုနှုန်းမှာ ဒုတိယမြောက်အမြင့်မားဆုံးဖြစ်ကာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသော သွေးအားနည်း ရောဂါကြောင့် ကျန်းမာရေး ချို့တဲ့မှု နှုန်းမှာလည်း ပဉ္စမမြောက် အမြင့်မားဆုံး ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံဓာတ်ချို့တဲ့မှု မဖြစ်စေရန် အနီရောင်ရှိသော အသား၊ ငါး၊ ကြက်ဥ၊ မှို၊ ပဲအမျိုးမျိုး၊ အစိမ်းရွက်ပါသည့် ဟင်းသီးဟင်းရွက်၊ သင်္ဘောသီး၊ ဖရဲသီး အစရှိသည်တို့ကို စားသုံးသင့်ကြောင်း၊ ရေနွေးခါးခါးသောက်ခြင်း၊ လက်ဖက်ထမင်းတို့ကို အလွန်အကျွံ မစားသောက်သင့်ကြောင်း၊ ပိုးသတ်ဆေးများ သောက်ပါက အစာနှင့် နာရီဝက်ခြား သောက်သင့်ကြောင်း ဒေါက်တာခင်မာချိုက အကြံပြု ပြောကြားခဲ့သည်။

ဇာနည်မောင်