(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ပြောကြားခဲ့သည့် မိန့်ခွန်း

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ၌ ကျင်းပသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

 

သဘာပတိကြီးခင်ဗျား၊

 

အဆွေတော်အား (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် မိမိအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါ တယ်။ အဆွေတော်ရဲ့ ဦးဆောင်နိုင်မှုအောက်မှာ ယခုညီလာခံကြီးဟာ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

မိမိအနေနဲ့ ဘာသာရပ်ပိုင်းဆိုင်ရာကိစ္စတွေမပြောကြားမီ မက္ကဆီကိုနိုင်ငံမှာ မနေ့က အင်အား ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှုများနဲ့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် မက္ကဆီကိုနိုင်ငံပြည်သူများနဲ့ အစိုးရအား များစွာဝမ်းနည်းရပါကြောင်း အခွင့် ကြုံခိုက် ပြောကြားလိုပါတယ်။

 

အလားတူ အမေရိကန်နိုင်ငံမှာလည်း ရက်သတ္တပတ် ၂ ပတ် ကာလတိုအတွင်းမှာ ဟာရီကိန်း မုန်တိုင်းဒဏ်ကြောင့် ပြင်းထန်တဲ့ အကျိုးဆက်များ ခံစားခဲ့ရတဲ့အတွက်လည်း အမေရိကန်နိုင်ငံ ပြည်သူများနဲ့ အစိုးရအား များစွာဝမ်းနည်းရပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ယခုအချိန် မှာ မာရီယာ ဟာရီကိန်းမုန်တိုင်းဒဏ်ကို ကြုံတွေ့ခံစားနေကြရတဲ့ ပွာတိုရီကို ပြည်သူများကိုလည်း များစွာဝမ်းနည်းရပါကြောင်း ပြောကြားလိုပါတယ်။

 

ယခုလိုအင်အားပြင်းထန်လှတဲ့ ဆိုက်ကလုန်းမုန်တိုင်းများ မကြာခဏ ဖြစ်ပွားနေရခြင်းဟာ ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားနေတယ်ဆိုတာကို သက်သေပြသလျက်ရှိပါတယ်။ အခုဆိုရင် ရာသီ ဥတုပြောင်းလဲမှုဟာ မိမိတို့နေထိုင်တဲ့ကမ္ဘာကြီးကို အမှန်တကယ် အလေးအနက် ခြိမ်းခြောက်မှု ပြုလာနေပြီဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ဒဏ်ဟာ တစ်ကမ္ဘာလုံးအပေါ် ထိခိုက်မှုရှိနေပြီး သက်ရောက်မှုပမာဏဟာလည်း မကြုံစဖူးကြီးမားလှပါတယ်။ မြန်မာနိုင်ငံဟာလည်း ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးဒဏ်တွေကို ထိခိုက်ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မုန်တိုင်းများ၊ ရေကြီးမှုများ၊ မိုးခေါင်မှုများဒဏ်ကို မကြာခဏခံစားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် မြန်မာ နိုင်ငံဟာ ပါရီသဘောတူညီချက်ကို ကြိုဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်မှာ အတည်ပြုပါဝင်ကြောင်း စာချွန်လွှာနဲ့ ကျိုတိုနောက်ဆက်တွဲစာချုပ်ရဲ့ ဒိုဟာပြင်ဆင်ချက်အား လက်ခံကြောင်း စာချွန်လွှာတွေကို မနေ့ကပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းကို ယခုညီလာခံကြီးမှာ ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

မြန်မာနိုင်ငံအနေနဲ့ “ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာကြီးပေါ်ရှိ လူသားများ အားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ သင့်လျော်တဲ့လူနေမှုဘဝ ရရှိရေး-ပြည်သူများကိုအလေးပေး” ဆိုတဲ့ ယခုနှစ် ညီလာခံ ဆောင်ပုဒ်ကို ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။

 

မြန်မာနိုင်ငံမှာလည်း ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေကို နှစ်ပေါင်း ၇၀ နီးပါးခံစားခဲ့ကြရပြီးနောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ဒီစင်မြင့်ပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ  ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက် မှုတွေ အဆုံးသတ်သွားစေဖို့နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေတွေကနေ အဓိပ္ပါယ်ပြည့်ဝပြီး ရေရှည်တည်တံ့တဲ့အဖြေ ရှာဖွေသွားနိုင်ရေးအတွက် အစိုးရရဲ့ မျှော်မှန်းဆောင် ရွက်နေမှု အခြေအနေတွေကို ချပြခဲ့ပါတယ်။

 

ယခုတစ်နှစ်ပြည့်မြောက်တဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တိုးတက်အောင်မြင်မှုများနဲ့ ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြသွားပါမယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေများဟာ ကမ္ဘာကြီးက အထူး အာရုံစိုက်လျက်ရှိနေတဲ့ ကိစ္စဖြစ်တဲ့အားလျော်စွာ ကျွန်တော့်အနေနဲ့ ဒီကိစ္စရပ်အပေါ်မှာ ဦးစွာ ဆွေးနွေးပြောကြားလိုပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

မနေ့ကပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတွင်းမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြားသံတမန်များအား ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားခဲ့ရာမှာ အစိုးရသက်တမ်း ၁၈ လ ကာလအတွင်း မြန်မာနိုင်ငံ ရရှိခဲ့တဲ့ စွမ်းဆောင်အောင်မြင်မှုများနဲ့ ရင်ဆိုင်ကြုံတွေနေရဆဲ အခက်အခဲများကိုလည်း မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးမီက အကြမ်း ဖက်သမားများရဲ့ တိုက်ခိုက်မှုတွေကြောင့် လူမှုအသိုက်အဝန်းအားလုံးမှပြည်သူများ နေရပ်ပြောင်း ရွှေ့တိမ်းရှောင်ခဲ့ရမှုများနဲ့ ဒုက္ခခံစားခဲ့ကြရမှုများအတွက် နိုင်ငံတကာ အသိုက်အဝန်းနည်းတူ မြန်မာအစိုးရအနေနဲ့လည်း စိုးရိမ်ပူပန်မှုများ မျှဝေခံစားရပါကြောင်းကို ပြောကြားခဲ့ပါတယ်။ အလားတူ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှနဲ့ ဥပဒေနဲ့ မညီတဲ့ တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း စစ်ဆင်ရေး ဆောင်ရွက်ရာမှာ စစ်ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာ ကြရန်၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အပြစ်မဲ့ပြည်သူများ မထိခိုက်စေရေးနဲ့ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အပြည့်အဝ ကြိုးပမ်းဆောင်ရွက်ကြရန် ညွှန်ကြားထား ရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ သဟဇာတမျှတမှု ရှိရေးတို့အပေါ် ထိခိုက်စေမယ့်လုပ်ရပ်မှန်သမျှကို တင်းကြပ်တဲ့ ဥပဒေစံနှုန်းများနဲ့အညီ ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြားမှာ ထိခိုက်ခံစားခဲ့ကြရတဲ့ ပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း” ပြောကြားခဲ့ပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

ရခိုင်ပြည်နယ်အရေးကိစ္စဟာ လက်ရှိမြန်မာအစိုးရ နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်ခဲ့ တဲ့အချိန်ကစပြီး အစိုးရရဲ့ ထိပ်တန်းဦးစားပေးကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုပြန်လည်ဖော်ဆောင်ရေးနဲ့ ဒေသတွင်းနေထိုင်ကြတဲ့ လူမှုအသိုက်အဝန်း များအကြား သဟဇာတမျှတမှု မြှင့်တင်နိုင်ရေးအတွက် အစိုးရဟာ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။

 

ရခိုင်ပြည်နယ်ရဲ့ အဓိကလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အကောင်အထည်ဖော်မှုဆိုင်ရာ ဗဟို ကော်မတီကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူပြီး ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

 

ထို့ပြင် ရှုပ်ထွေးလှတဲ့ ရခိုင်ပြည်နယ် အခြေအနေများနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုဆိုင်ရာ အကြံဉာဏ်များ အစိုးရကို ပေးအပ်နိုင်ဖို့ ဒေါက်တာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် တစ်ရပ်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ ဖွဲ့စည်းပေးခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးအရ သဟဇာတရှိမှု ရရှိရေး ကြိုးပမ်း နေချိန်နဲ့ တစ်ဆက်တည်း ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့အတွက် မိမိတို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ လွယ်ကူတဲ့ လုပ်ငန်းတာဝန်တွေမဟုတ်ပါ။ ဒေသတွင်းမှာနေထိုင်ကြတဲ့ အသိုက်အဝန်းများ အကြား နားလည်ယုံကြည်မှု၊ သဟဇာတရှိမှုတွေ ပြန်လည်ရရှိလာစေမယ့် ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ အပြန်အလှန်မယုံကြည်မှုတွေ တဖြည်းဖြည်း ပပျောက်သွားအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့က မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့တာကို မြန်မာနိုင်ငံက မဆိုင်းမတွ ကြိုဆိုခဲ့ပါတယ်။

 

ဒီနေ့ညီလာခံကြီးဟာ အကြံပေးကော်မရှင်ရဲ့ အရေးကြီးတဲ့ သုံးသပ်ချက်များကို အကောင် အထည်ဖော်ရာမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ကမ္ဘာကသိအောင် ပြောကြားဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်မယ်လို့ မူလကမျှော်လင့်ထားခဲ့ပါတယ်။

 

သို့သော်လည်း ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ်မှာ ARSA လို့ခေါ်တဲ့ အကြမ်းဖက်အုပ်စု ရဲ့ တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေ အနေတွေကိုသာ အလေးထား ပြောကြားရမယ့် အနေအထား ဖြစ်လာခဲ့ပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

အဆွေတော်သိပြီးဖြစ်တဲ့အတိုင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထွက်ရှိလာပြီး နာရီပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်းပေါင်း (၃၀) ကို တစ်ပြိုင်တည်း အကွက်ကျကျ ညှိနှိုင်းပြီးမှ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ၎င်းတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ARSA အဖွဲ့က ကြေညာခဲ့ပါတယ်။

 

ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းမှာ အကြမ်းဖက်မှုတွေကို အသစ်တဖန် ဖြစ်ပွားစေပြီး၊ အသက်ဆုံးရှုံးမှုအချို့၊ ထိခိုက်နစ်နာမှုတွေနဲ့ ဒေသတွင်းရှိ အသိုက်အဝန်းအားလုံး အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

 

ယခုလို မိမိတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးမှုတွေဟာ မူဆလင်များနဲ့ ရခိုင် တိုင်းရင်းသားတွေသာမကပဲ လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အခုတိုင်းရင်းသားလူနည်းစုတွေ ရှိနေတာရယ်၊ သူတို့လည်း ထိခိုက် ခံစားခဲ့ကြရတယ် ဆိုတာတွေကို ကမ္ဘာ့နိုင်ငံအတော်များများဟာ မသိရှိကြပါဘူး။

 

မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအပေါ် လွန်စွာ စိုးရိမ်လျက်ရှိတယ် ဆိုတာကို ရှင်းလင်းစွာ သိစေလိုပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ မိသားစုဝင်နဲ့ မိတ်ဆွေတွေအတွက် များစွာဝမ်းနည်းမိပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့ ပြဿနာတစ်ရပ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။

 

အခုအချိန်မှာတော့ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာပြီ ဆိုတာကို ဝမ်းမြောက်စွာ အသိပေးပြောကြားလိုပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကစတင်ပြီး လက်နက်ကိုင်တိုက်ခိုက်မှု တွေ မရှိတော့ဘူးလို့ သိရှိရပါတယ်။

ဒီလိုအခြေအနေမှာ မူဆလင်အများအပြားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ဆက်လက်ထွက် ပြေးနေကြဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ စိုးရိမ်မှုဖြစ်ပေါ်မိပါတယ်။

 

အခုလို လူအများအပြား ရွှေ့ပြောင်းတိမ်းရှောင်ကြရခြင်းရဲ့ အကြောင်းရင်းကို မိမိတို့ ရှာဖွေ ကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ လူသိနည်းတဲ့အချက်ကတော့ မူဆလင်အများအပြားဟာ ၎င်းတို့ရဲ့ နေအိမ်များမှာ ဆက်လက်နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။

 

ယခုအချိန်မှာ အကူအညီ လိုအပ်နေသူတွေအတွက် အရေးကြီးတဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့လိုတယ်ဆိုတဲ့ အချက်ကိုလည်း မိမိတို့အနေနဲ့ သဘောထား ထပ်တူထပ်မျှရှိပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဆောင်ရွက်ပေးဖို့ဟာ မြန်မာနိုင်ငံအစိုးရရဲ့ ပဏာမလုပ်ငန်းတာဝန် ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ရခိုင် ပြည်နယ် အခြေအနေဟာ ရှုပ်ထွေးလှပါတယ်။ ကျွန်တော်တို့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများဟာလည်း ကြီးမားလှပါတယ်။ သို့သော်လည်း ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘက်စုံအမျိုးသား မဟာဗျူဟာတစ်ရပ်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာနဲ့ အသိပေး ကြေညာလိုပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် ကော်မတီအနေနဲ့ တိုးတက်မှု အစီရင်ခံစာကို လေးလတစ်ကြိမ် ပြည်သူများထံ ထုတ်ပြန်အသိပေးဖို့ တာဝန်သတ်မှတ်ပေးထား ပါတယ်။ ဒီကော်မတီအပြင် ပြည်တွင်းနဲ့ နိုင်ငံတကာက ထင်ရှားတဲ့ပုဂ္ဂိုလ်များပါဝင်တဲ့ အကြံပေးဘုတ်အဖွဲ့ ဖွဲ့စည်းသွားဖို့လည်း ရှိပါတယ်။

 

အခုအချိန်မှာ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးဟာ မိမိတို့ရဲ့ ပထမဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်။ အကူအညီ လိုအပ်နေကြတဲ့ ပြည်သူများအားလုံး ခွဲခြား ဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီများအား လက်ခံရရှိစေရေးအတွက် ဆောင်ရွက်သွား ဖို့ ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်ထားပါတယ်။ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ အတွက် နိုင်ငံတော်က ရန်ပုံငွေနဲ့ အရင်းအမြစ်အများအပြားကို ခွဲဝေချမှတ်ထားပြီးဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအစိုးရ ဦးဆောင်တဲ့ အကူအညီပေးရေး ယန္တရားသစ်တစ်ရပ်ကို ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထူထောင်ထားပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးအပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းကိုလည်း ဝမ်းမြောက်စွာ အသိပေးလို ပါတယ်။

 

ယခုအကူအညီပေးရေး လုပ်ငန်းအစီအစဉ်မှာ ပါဝင်ကူညီပံ့ပိုးရန်အတွက် ကမ်းလှမ်းလာတဲ့ နိုင်ငံများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မြန်မာနိုင်ငံအစိုးရကိုယ်စား ပြောကြားလိုပါ တယ်။ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဆွေနိုင်ငံများထံမှ မကြာမီက ကူညီထောက်ပံ့ရန် ကမ်းလှမ်းမှုများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

 

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ဟာ ဒီနှစ် ဇန်နဝါရီလနဲ့ ဇူလိုင်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသီးသီးသွားရောက်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်ထဲရေး ဝန်ကြီး မြန်မာနိုင်ငံကို ဩဂုတ်လအတွင်းက လာရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ၎င်းတို့ဝန်ကြီးဘက်က အဆင်မပြေမှုကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို အဆင်ပြေတဲ့ အချိန်လာရောက်ရေးကို လက်ကမ်းကြိုဆိုလျက်ရှိပြီး နယ်စပ်လုံခြုံရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မယ်လို့ မိမိတို့ မျှော်လင့်လျက် ရှိပါတယ်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မကြာမီက ပြောင်းရွှေ့သွားကြ တဲ့ သူတွေကို ပြန်လည်ခေါ်ယူဖို့ ပြောကြားမှုတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံအနေနဲ့ လိုအပ်တဲ့စိစစ်ရေးလုပ်ငန်းစဉ်တွေကို စတင်သွားဖို့ ပြင်ဆင်ထားရှိကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် မနေ့ကမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မိမိတို့အိမ်နီးချင်း နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ဖွဲ့စည်းပြီး လက်ခံခဲ့တဲ့ အစဉ်အလာ ၁၉၉၃ ခုနှစ်ကတည်းက ရှိခဲ့ပါတယ်။ မိမိတို့အနေနဲ့ ၁၉၉၃ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေကို အခြေပြုပြီး လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဖော်ဆောင် သွားနိုင်မှာ ဖြစ်ပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

မည်သည့်ပုံစံနှင့် အသွင်သဏ္ဍာန်ဖြင့်ကျူးလွန်သည့် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချရာမှာ မြန်မာနိုင်ငံအနေနဲ့ ကျန်ကမ္ဘာ့နိုင်ငံများ အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်လျက် ရှိပါတယ်။ အကြမ်းဖက်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်မှုများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းပြတ်သား ပါတယ်။ မည်သည့်အကြမ်းဖက်မှုကိုမဆို မိမိတို့အနေနဲ့ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ပါဘူး။

 

တစ်ချိန်တည်းမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးတဲ့စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ရေရှည်မဟာဗျူဟာ စီမံချက်ချမှတ် ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အကြမ်းဖက်လှုပ်ရှား မှုများက ဟန့်တားနှောင့်ယှက်နိုင်မှု မရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များဟာ ကျွန်တော်တို့အတွက် ရှင်းလင်းတဲ့ လမ်းပြမြေပုံတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်များအား အကောင်အထည်ဖော်ရေးကော်မတီအနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တ ပတ်ကစတင်ပြီး ၎င်းတို့ရဲ့ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ ကျွန်တော် တို့ရဲ့ လုပ်ငန်းအစီအစဉ်အချို့ကို မျက်မြင်လာရောက်ကြည့်ရှုဖို့ လေ့လာသူများကိုလည်း ဖိတ်ကြား သွားမှာ ဖြစ်ပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

ရခိုင်ပြည်နယ်မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များဟာ ငြိမ်းချမ်းရေး၊ သာယာဝပြော ရေးနဲ့ ဒီမိုကရေစီရေးအတွက် မိမိတို့လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးမှာ ကြုံတွေ့ရမယ့် ခက်ခဲတဲ့ စိန်ခေါ်မှုများ ဖြစ်တယ်ဆိုတာ ထိခိုက်နာကျင်စေရတဲ့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။

 

သို့သော်လည်း ပြီးခဲ့တဲ့နှစ်က ဒီစင်မြင့်ထက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် မိန့်ခွန်းပြောကြားခဲ့စဉ်ကအတိုင်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်း ရေးကတိကဝတ်ဟာ မယိမ်းမယိုင် ခိုင်ခိုင်မာမာ ဆက်လက်တည်ရှိနေတယ်ဆိုတာ ထပ်လောင်း ပြောကြားလိုပါတယ်။

 

အဲဒီကတိကဝတ်ကို အကောင်အထည်ဖော်ရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် ခြင်း ဆိုတဲ့မူတွေအပေါ် အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်လာရေးဟာ ကျွန်တော်တို့ရဲ့ ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။

 

နိုင်ငံတွင်းဆောင်ရွက်လျက်ရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ယခုနှစ် မေလမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အကြောင်း ဝမ်းမြောက်စွာ အသိပေးပြောကြားလိုပါတယ်။ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမယ့် အဓိကအခြေခံမူများကို ပထမဦးဆုံး ဆွေးနွေးချမှတ် သဘောတူနိုင်ခဲ့ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍများနဲ့ ပတ်သက်တဲ့ အခြေခံမူ (၃၇) ချက်ပါဝင်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများရဲ့ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

 

အဲဒီလိုစစ်မှန်တဲ့တိုးတက်မှုများ ရရှိလျက်ရှိနေသော်လည်း ကျွန်တော်တို့ ရှေ့ဆက်လျှောက်ရမယ့်လမ်းဟာ ရှည်လျားပြီး ရှုပ်ထွေးခက်ခဲတယ်ဆိုတာကို သိထားပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အကဲဆတ်တဲ့ အနေအထားမှာ ရှိပါတယ်။ ယခုလို နိုင်ငံတော်ရဲ့ သမိုင်းမှာ အရေးပါတဲ့ အနေအထားကို ရောက်နေတဲ့အချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက်ပြီး ထောက်ခံပေးကြဖို့ကို ပန်ကြားလိုပါတယ်။

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

 

မိမိရဲ့ မိန့်ခွန်းကို အဆုံးမသတ်မီ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပဋိညာဉ် စာတမ်းပါ ရည်ရွယ်ချက်နဲ့ အခြေခံမူများအပေါ် သက်ဝင်ယုံကြည်မှု ရှိပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

 

ငြိမ်းချမ်းပြီး သဟဇာတရှိတဲ့ ကမ္ဘာကြီးပေါ်ထွန်းလာစေရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ခိုင်မာစွာ ကတိကဝတ်ပြုပါကြောင်း အလေးပေး ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

 

ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။