(၇၃)နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အခမ်းအနား မန္တလေးမြို့၌ ကျင်းပ

မန္တလေး   ဇန်နဝါရီ   ၂၆

 

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူး၍ (၇၃)နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ၆၅ လမ်း၊ ၁၀၂-A ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် H.E. Mr. Neeraj Kumarနှင့်ဇနီးနှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မန္တလေးမြို့မှ အိန္ဒိယနွယ်ဖွား မျိုးနွယ်စုများ၊ မိတ်ဆွေများ၊ IT လုပ်ငန်းနှင့် India Company များတွင် အလုပ်လုပ်နေကြသော အိန္ဒိယလူမျိုး ကုန်သည်ကြီးများ၊ လူမူရေးအသင်းအဖွဲ့များ၊ သတင်းစာဆရာ၊ စာရေးဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အိန္ဒိယနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်၍ အလေးပြုကြပြီး နိုင်ငံတော် သီချင်းကို ဂုဏ်ပြုသီဆိုကြသည်။ ထို့နောက် ကောင်စစ်ဝန်ချုပ်က အမှာစကားပြောကြား၍ အိန္ဒိယနိုင်ငံ သမ္မတထံမှ ပေးပို့သော (၇၃)နှစ်မြောက် အိန္ဒိယနိုင်ငံ အမျိုးသားနေ့သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ အိန္ဒိယနွယ်ဖွား ယဉ်ကျေးမှုအဆိုအကအဖွဲ့က ဇာတိမာန်တေးသီချင်းများဖြင့် ဂုဏ်ပြု သီဆို ဖျော်ဖြေတင်ဆက်ကြရာ အိန္ဒိယကောင်စစ်ဝန်ချုပ်က အဆိုအကအဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန္တလေး)