(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ လက်ဝှေ့ရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် လေးချီစိန်ခေါ်ပွဲ၌ ကနောင်သွေး (အဖြူရောင်သွေးသစ်)နှင့် ကိုကို(STL)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီ၌ ကိုကို၏ ညာလက်သီးကြောင့် ကနောင်သွေး ဒဏ်ရာ အနာတရရကာ မယှဉ်ပြိုင်နိုင်၍ အရှုံးပေးလိုက်ရသည်။ ခေတ်နိုင်(ဖိုးရာဇာ)နှင့် သန့်ဇင် (တော်ဝင်ဧရာ)တို့ပွဲတွင် သန့်ဇင်၏ဘယ်ညာလက်သီး တွဲလုံးများကြောင့် ဒုတိယအချီတွင် ခေတ်နိုင် မျက်နှာဒဏ်ရာရကာ ဆက်လက်မယှဉ်ပြိုင်နိုင်တော့ဘဲ သန့်ဇင်အနိုင်ရရှိသွားသည်။

နောက်တစ်ပွဲဖြစ်သည့် ထွန်းမင်းအောင်(ထွန်းထွန်းမင်း)နှင့် ရှင်းသန့်အောင်(AMT2)ပြိုင်ပွဲတွင် ပထမအချီမှ တတိယအချီအထိ ထွန်းမင်းအောင် အသာစီးထိုးနိုင်ခဲ့ကာ တတိယအချီတွင် ရှင်းသန့်အောင် ခေါင်းဒဏ်ရာရပြီး အရှုံးပေးခဲ့ရသည်။

ထို့ပြင် ငါးချီစိန်ခေါ်ပွဲတွင် လျှမ်းတောက်(AMT2)၏ လက်သီး၊ ခြေကန်ချက်များကြောင့် သိန်းစိုး (အဖြူရောင်သွေးသစ်) ဒုတိယအချီတွင် နံရိုးထိမိပြီး ဆက်လက်မယှဉ်ပြိုင်နိုင်တော့၍ လျှမ်းတောက် အနိုင်ရရှိသွားသည်။ ထို့ပြင်သာဒိန်း(ဖိုးရာဇာ)နှင့် ကမ္ဘာရှား (AMT2)၊ သွေး(ထွန်းထွန်းမင်း)နှင့် အဲဒီ့(နဂါးမင်း)တို့ ပြိုင်ပွဲများတွင် ပွဲကြီးပွဲကောင်းဖြစ်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့ကြ သည်။

အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အမှုဆောင်များ၊ အားကစားသမားများ ကြည့်ရှုအားပေးကြသည်။ ယင်းပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။

တင်စိုး(မြန်မာ့အလင်း)