(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင် ပြပွဲများ ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဒီဇင်ဘာ  ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။  

 

ရှေးဦးစွာ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအားဖတ်ရှုစေခဲ့သည်။ 

 

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဓာတ်ပုံနှင့် နံရံကပ်စာစောင်များပြသထားရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)