(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် ဘာသာစကား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ဖေဖော်ဝါရီ  ၆

(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် ဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးနှင့် လူမှုစီးပွားဘဝတိုးတက် မြင့်မားစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးထောက်ပံ့မှုရန်ပုံငွေဖြင့် သင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျောက်မျက်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသားရိုးရာ အစားအစာ ချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းမှုသင်တန်း၊ အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှု အခြေခံသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရေခဲမုန့်သင်တန်း၊ အဖျော်ယမကာ သင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်းဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို တည်ဆောက်လျက်ရှိရာ မကြာမီ ဆောက်လုပ်ပြီးစီး တော့မည်ဖြစ်၍ ရှမ်းပြည်နယ်အတွင်းသာမက အနီးပတ်ဝန်းကျင် ဒေသများတွင် မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံး အသက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်တော့မည်ကို သတင်းကောင်းပါးလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က သင်တန်းသား/ သင်တန်းသူများအား သင်ရိုးညွှန်းတမ်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/ သူများနှင့်အတူ စုပေါင်း မှတ်တမ်း ဓါတ်ပုံရိုက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်