(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနည်းပညာများကို စဉ်ဆက်မပျက် လေ့လာသင်ယူနိုင်ပြီး အရည်အသွေးပြည့်ဝသော သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက  မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

ရှေးဦးစွာ  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲအား တက်ရောက်လာကြသော တောင်သူများနှင့်အတူ လှည့်လည်ကြည်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ထားသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်တို့အား တာဝန်ရှိသူတို့က အမှတ်ပေးအကဲဖြတ်ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရတောင်သူများနှင့် ဝန်ထမ်း(၃၅)ဦးအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါပြပွဲပြိုင်ပွဲများတွင် တက်ရောက်လာကြသောတောင်သူများနှင့် ဝန်ထမ်းများက  ဒေသထွက် ပန်းမုံလာ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ အစရှိသော   စုစုပေါင်းဒေသထွက်ကုန် အမျိုးပေါင်း(၄၈)မျိုး ထည့်သွင်းပြသထားရှိကြောင်း သိရသည်။

ဆက်လက်၍ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ  မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်ဦးဆောင်သော တာဝန်ရှိသူများက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းပညာများအပြင် နေကြာသီးနှံပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည့် မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊ ဒေသနှင့် ကိုက်ညီဖြစ်ထွန်းမည့်မျိုး ရွေးချယ်ခြင်း၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည်တို့ကို ပညာပေးဆွေးနွေးခဲ့ပြီး သင်တန်းတွင် စိတ်ပါဝင်စားသူ ဒေသခံတောင်သူ ၃၅ ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၁၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)