နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပ လျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာ လာရောက် ကြည့်ရှုလေ့လာလျက်ရှိကြသည်။
ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခင်းကျင်းပြသ ရောင်းချနေကြသည့် တိုင်းရင်းသားများနှင့် လာရောက်လေ့လာကြသည့် ပြည်သူများ၏ ပွဲတော်အတွင်း ပါဝင်ဆင်နွှဲရသည့် ရင်တွင်းပီတိစကားသံ များကို တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-
ဦးကျော်စွာဦး(ညွှန်ကြားရေးမှူး၊ စက်မှုဝန်ကြီးဌာန)
အရင်က စက်မှုဝန်ကြီးဌာနအောက်မှာ သင်တန်းကျောင်း ရှစ်ကျောင်းရှိပါတယ်။ တစ်နှစ်၊ ရှစ်လ၊ သုံးလသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်။ အခုရွေ့လျားသင်တန်းက နှစ်ရှည်၊ လရှည် သင်တန်း တက်ရောက် သင်ကြားနိုင်ဖို့ အခွင့်အရေးနည်းပါးတဲ့ ကျေးလက်ဒေသက လူငယ်၊ လူရွယ်တွေအတွက် ရည်ရွယ်ပြီး ဒေသအရောက် ဖွင့်လှစ်ပေးတဲ့ သင်တန်းမျိုးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျေးလက်နေလူငယ်၊ လူရွယ် တွေ စက်မှုနဲ့သက်မွေးပညာတွေကို အခြေခံသင်ကြား တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေတဲ့အခါမှာ အထောက်အကူဖြစ်ဖို့ရယ်၊ အခြေခံသက်မွေး ပညာတွေကိုသိရှိနိုင်ဖို့၊ ဒီသင်တန်းကျောင်းတွေကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိပြီး ဆင်းရဲ နွမ်းပါးမှုလျှော့ချနိုင်ဖို့နဲ့၊ နိုင်ငံတော်က လိုအပ်နေတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်စွက်ပေးဖို့ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ ဒေသအရောက် စက်မှုနဲ့သက်မွေး ရွေ့လျားသင်ကြားပေးခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် MSME ဒေသထွက်ကုန်ပြပွဲနဲ့ ပြိုင်ပွဲက ပြည်ထောင်စုအဆင့်ဖြစ်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးက လုပ်ငန်းရှင်တွေရော၊ ပြည်သူ ပြည်သားတွေရော လာရောက်လေ့လာ ကြမှာဖြစ်တဲ့အတွက် စက်မှုဝန်ကြီးဌာနကဆောင်ရွက်နေတဲ့ စက်မှုနဲ့ သက်မွေးရွေ့လျား သင်တန်းတွေကို သိရှိသွားမှာဖြစ်ပါတယ်။ လေ့လာရင်းနဲ့ သင်ကြားတတ်မြောက်ချင်တယ်ဆိုရင် ကျွမ်းကျင်မှု အခြေပြု သုံးလသင်တန်း၊ တစ်နှစ်သင်တန်းတွေအထိ တက်ရောက်သင်ကြားခြင်းဖြင့် နိုင်ငံတော်မှာလိုအပ်နေတဲ့ MSME ကဏ္ဍလူ့စွမ်းအားအရင်းအမြစ်တွေအတွက် များစွာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ရွေ့လျားသင်တန်းမှာ အခြေခံလျှပ်စစ်ပညာသင်တန်း၊ အခြေခံ စက်ပြင်သင်တန်း၊ အခြေခံဂဟေဆက်သင်တန်းနဲ့ အခြေခံမော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆိုပြီး သင်တန်းလေးမျိုး သင်ကြားပေးလျက်ရှိပါတယ်။ ဒီသင်တန်းက နှစ်ပတ်သင်တန်းဖြစ်တဲ့အတွက် သက်ဆိုင်ရာဘာသာရပ်တွေအလိုက် အခြေခံတွေကို သင်ကြား ပေးခြင်းဖြစ်ပါတယ်။ ဒီထက်ပိုမိုသင်ကြားတတ်မြောက်လိုတယ်ဆိုရင် သုံးလ၊ တစ်နှစ်သင်တန်းတွေကို ဆက်လက်တက်ရောက်သင်ကြားနိုင် ပါကြောင်း အသိပေးလိုပါတယ်။
ကိုစိုးဝင်းဇော်(ရှမ်းပြည်နယ်ကိုယ်စားပြုပြခန်း)
ကျွန်တော်က Bamboo design and Construction ရဲ့ Operations Director ဖြစ်ပါတယ်။ ဝါးနဲ့ပတ်သက်ပြီး အဆောက်အအုံဒီဇိုင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။ ဝါးနဲ့ ပတ်သက်ပြီး လှပသေသပ်အဆင့်မီတဲ့ပရိဘောဂတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစား နေပါတယ်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှာ လာရောက်ပြသခွင့်ရတဲ့ အကျိုးရလဒ်က အတော်ကိုကောင်းမွန်ပါတယ်။ အခုဆိုရင်ကျွန်တော့်ကို လာရောက်ချိတ်ဆက်တဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ အကျိုးတူဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးမှုလည်းရှိပါတယ်။ အခုလို ဝန်ကြီးဌာနတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လုပ်ငန်းတွေအကုန် စုစည်းလိုက်တဲ့အတွက် လုပ်ငန်းတွေဖလှယ်ခွင့်ရသွားပါတယ်။ ကိုယ့်အရည်အသွေးကို ပြသခွင့်ရတဲ့အပြင် တခြားသူရဲ့ အရည်အသွေးကိုလည်း လေ့လာခွင့်ရတဲ့အတွက် ဒီပြပွဲကြီးက ကောင်းမွန်တဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်ယူလာတဲ့ ပရိဘောဂတွေရဲ့ တစ်ဝက်က ရောင်းကုန်သွားပြီ ဖြစ်တဲ့အတွက် MSME ထုတ်ကုန်ပြပွဲကြီးက ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအတွက် အခွင့်အရေးကောင်း တစ်ခုလို့ မြင်မိပါတယ်။
ဦးထွန်းထွန်းနိုင်(ကချင်ပြည်နယ်ကိုယ်စားပြုပြခန်း)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးမှာ ကချင်ပြည်နယ် ကိုယ်စားပြုပြခန်းမှာ ရောင်းချခွင့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ပါတယ်။ ဂျိန်းဖော့သူ ကချင်ရိုးရာအထည် ပုဆိုး၊ မိန်းမဝတ် ဝမ်းဆက်၊ လုံချည်စက်ရက်ထည်၊ လက်ရက်ထည်တွေကို ရောင်းချပါတယ်။ ဒီပြပွဲကြီးမှာ ကိုယ့်ပြည်နယ်ရဲ့ ရိုးရာအဝတ်အထည်တွေကို ရောင်းချခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တစ်နေရာတည်းမှာ တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအဝတ်အထည်၊ ရိုးရာအစားအစာတွေအပြင် လုပ်ငန်းရှင်တွေနဲ့လည်း ဆွေးနွေးဖလှယ်ခွင့်ရတဲ့အတွက် အခွင့်ထူးတစ်ရပ်လို့မြင်မိပါတယ်။ ကျွန်တော်တို့လိုလုပ်ငန်းရှင်တွေအတွက် ဈေးကွက် ချဲ့ထွင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒေါ်ဝေဝေသွယ်( ဆရာမ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း)
ကျွန်မက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကို လေ့လာရေးလာရောက်ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ပြခန်းတွေကို အရင်ဆုံးလေ့လာဖြစ်ပါတယ်။ ကျွန်မက ကယားတိုင်းရင်းသူ ဖြစ်တဲ့အတွက် ကယားပြခန်းကို ပိုပြီးစိတ်ဝင်တစားလေ့လာဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်ကို သတိရနေတဲ့အချိန် အခုလို လေ့လာခွင့်ရတဲ့အတွက် အပျော်ရွှင်ဆုံး ဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်ကို ရောက်သွားသလို ခံစားရပါတယ်။ ဒီလို တစ်နေရာတည်းမှာ တိုင်းရင်းသားပေါင်းစုံကို တစ်ပြိုင်တည်း လေ့လာ နိုင်ဖို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မသွယ်သွယ်လှိုင်(ကျောင်းသူ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း)
ဒီ MSME ထုတ်ကုန်ပြပွဲက ပြခန်းတွေကို လေ့လာကြည့်ရှုခဲ့ပါတယ်။ စိုက်ပျိုးရေးကျောင်းက ကျောင်းသူဖြစ်တဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်းကို အရင်ဆုံးလေ့လာဖြစ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာတွေအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ စိတ်ဝင်စားဖွယ်ရာ ပြခန်းတွေလည်း အများရှိပါတယ်။ တိုင်းရင်းဆေးပြခန်းမှာတော့ မိဘတွေအတွက် လိမ်းဆေး၊ ရှူဆေးတွေ ဝယ်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ပြခန်းတွေကိုလည်း မြင်တွေ့ရတော့ မြန်မာနိုင်ငံအနှံ့အပြားကို ခရီးထွက်ရသလို ခံစားရပါတယ်။ စိတ်ဝင်စားစရာတွေ၊ ဗဟုသုတတွေ အများကြီးတိုးစေတဲ့အတွက် သူငယ်ချင်းတွေနဲ့ နောက်တစ်ခေါက်လာရောက်ကြည့်ရှုဦးမယ်လို့ စိတ်ကူးထားပါတယ်။
မောင်နိုင်ဝင်းထွေး(လေ့လာသူ၊ ရမည်းသင်းမြို့)
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ထုတ်ကုန်ပြပွဲကို သူငယ်ချင်းတွေနဲ့အတူ လာရောက်လေ့လာတာ ဖြစ်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဒေသအလိုက်ထွက်ရှိတဲ့ ထုတ်ကုန်တွေ၊ ရိုးရာအစားအစာတွေ၊ ရိုးရာအဝတ်အထည်တွေကို လေ့လာခွင့်ရတဲ့အတွက် စီစဉ်ပေးတဲ့သူတွေကို ကျေးဇူးတင်မိပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတွေကို ပြသထားတာလည်း တွေ့ရပါတယ်။ တချို့အရာတွေကို အခုလိုအပြင်မှာပါ မြင်တွေ့ခွင့်ရတဲ့အတွက် ဗဟုသုတတိုးစေပါတယ်။ ဒီ MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကြီးမှာ ဗဟုသုတတွေ၊ စိတ်ဝင်စားစရာတွေ များစွာပြသထားလို့ သူငယ်ချင်းတွေကိုလည်း လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း - အေးအေးသန့်၊ ဂျိုင်းလော
ဓာတ်ပုံ - ဂျိုင်းလော