ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၂

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။

 

 

ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာ ဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက် ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးကြသည်။

 

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

 

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့မှ တေးသံရှင်များနှင့် အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက်ကြသည်။

 

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် အတူ မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

 

 

ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပြည်ထောင်စု တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ ကချင်တိုင်းရင်းသားရိုးရာအက အဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာ အကအဖွဲ့၊ ကရင်တိုင်းရင်းသား ရိုးရာအကအဖွဲ့၊ ချင်းတိုင်းရင်းသား ရိုးရာအကအဖွဲ့၊ မကွေးတိုင်းဒေသကြီး ဗမာတိုင်းရင်းသားရိုးရာ အကအဖွဲ့၊ မွန်တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသား ရိုးရာအကအဖွဲ့တို့က တိုင်းရင်းသား ရိုးရာတေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက “မွှေးရနံ့စုံလင် ပြည်ထောင်စုသဘင်” တေးသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေ တင်ဆက်ကြသည်။

 

 

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ၂၀၂၆ ခုနှစ် (၇၉) နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်း အနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်