နေပြည်တော်၊ မတ် ၂၅

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းများသည် ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာ အခြေခံနေသောကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမှာ အဓိကအရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများလိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊ ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်ပွဲအခမ်းအနားဆောင်ရွက်သည့် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားသည် တံတားအရှည် ပေ (၈၄၀)၊ တံတားအကျယ်ပေ (၂၀)၊ လူသွားလမ်း တစ်ဖက်တစ်ပေစီရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင်အသုံးပြုထားသည့် တံတားအမျိုးအစား ဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြုသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများ အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားကြီးတည်ဆောက်နိုင်မှုကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ အေးချမ်းသာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅) ရွာ၊ ဆနွင်းအိုင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာနှင့် ကျေးလက်ဒေသနေ ပြည်သူများမှ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နေပြည်တော်၊ လယ်ဝေးမြို့၊ ပျဉ်းမနားမြို့နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ အချိန်မရွေး သွားလာနိုင်မှာဖြစ်သည့်အပြင် ဒေသထွက်ကုန်စည်များ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းပြော ကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခု ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၁၅၀၅) အိမ်၊ လူဦးရေ (၆၇၂၇) ဦးကို တိုက်ရိုက်အကျိုးပြုနိုင်မည်ဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက (၇၇၀၀) ကျော်မှ ထွက်ရှိသော ဒေသထွက်ကုန်၊ ထုတ်ကုန်များကို မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တံတားရေရှည် တည်တံ့ ခိုင်မြဲအောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားပြီး ဒေသခံ ပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းတို့က ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဧည့်သည်တော်များ တံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က တံတားကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ တံတားအားဖြတ်သန်း ကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ မြန်မာ- ကိုရီးယား အဆင်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စပါးကြိတ်ခွဲ ဆောင်ရွက်နေမှု၊ ထွက်ရှိလာသော ဆန်များတင်ပို့ရောင်းချနေမှု ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ ပျဉ်းမနားမြိုနယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုးမြေများပေါ်တွင် ရုရှားသဘာဝ မြေဩဇာအသုံးပြု၍အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နွေစပါး၊ ဆီးထွက်သီးနှံဖြစ်သည့် နေကြာ၊ နှမ်းနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဆွေးနွေးမှာကြား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်