AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား တရားဥပဒေ အရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်   ၁၇   မေ

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးအတွက် သတင်းများရယူ ဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်း AA အဖွဲ့ဝင်များ အရပ်သားအသွင်ဖြင့် ပုံဖျက်စိမ့်ဝင်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးလိုက်ပါလျက် မေ ၁၆ ရက်နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း။

ထိုသို့ စစ်ဆေးစဉ် ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်သည် ၎င်း၏နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူနေသည်ကို တွေ့ရှိသဖြင့် ဖုန်းအားစစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသည့် ဓာတ်ပုံအထောက်အထားအချို့နှင့် နေအိမ်အတွင်းမှ ထုပ်ပိုးထားသော ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာများ၊ ဓာတ်ဆားထုတ်များနှင့် အခြားစားသောက်ကုန်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူ ဦးသိန်းစိုးအောင်အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)