AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၁၆ ဇူလိုင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန်စောက်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာနေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ပုဏ္ဏားကျွန်းဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်းကျေးရွာနေ ယာဉ်မောင်း ကျော်မြင့်(ဘ) ဦးမောင်သိန်း မောင်းနှင်လာပြီး ယာဉ်ပေါ်တွင်  ယိုးတရုတ်ကျေးရွာ နေသူများဖြစ်သည့် မင်းနိုင်ဋ္ဌေး (ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦးငြိမ်းဝေ (ဘ) ဦးဘသန်းတို့ လိုက်ပါလာသည့် Starex အမျိုးအစား ယာဉ်အမှတ်၊ BGO- 3P/----- မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်လုပ်ခါးချိုး ၁ လုံးထိုး သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ မမကျည် ၂၈ တောင့်၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓား ၁ ချောင်း၊ အရိုးအသွား ၃ ပေ ၆ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊ WY စာတမ်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၀ဝ၀ (စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ်သိန်း ၄၀ ခန့်)၊ လက်ကိုင်ဖုန်း ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ယိုးတရုတ်ကျေးရွာနေ ထွန်းဝင်း (ဘ)ဦးမောင်ရွှေဇံသည် AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ ဦးသန်းရွှေ (ဘ)ဦးဝေဖြူအောင် တို့အား AA လက်နက်ကိုင်အဖွဲ့၏ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များအား Viber ဖြင့် အပြန်အလှန်ပေးပို့ထားသည့် KAMBO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ပြည်ပငွေလွှဲ Western Union ငွေလွှဲပြေစာများ၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်တို့အား ကန်စောက်နယ်မြေရဲစခန်းနှင့် ယိုးတရုတ်နယ်မြေ ရဲစခန်းတို့သို့ စနစ်တကျလွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရအရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်