အာဘေး၏ ဦးစားပေးကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီရှီးဒါးပြောကြား


တိုကျို ဇူလိုင် ၁၂

လွန်ခဲ့သော သီတင်းပတ်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော ယခင်ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ချမှတ်ခဲ့သော တခြားအရေးကြီးသည့် မူဝါဒရေးရာ ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်ရှိ ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါး ဖူမီယိုက ပြောသည်။

အာဏာရလစ်ဘရယ် ဒီမိုကရက် တစ်ပါတီသည် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အဓိက အောင်ပွဲခံခဲ့ပြီးနောက် ကီရှီးဒါးက သတင်းထောက်များကို တနင်္လာနေ့က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

လစ်ဘရယ် ဒီမိုကရက်တစ် ပါတီအနိုင်ရရှိခဲ့သော နေရာအရေအတွက်သည် အာဏာရ ညွန့်ပေါင်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ကို ကိုယ်စားမပြုကြောင်း၊ ဂျပန်နိုင်ငံကို အပြည့်အဝ ကာကွယ်ပေးရန် နှင့် အနာဂတ်ကို လမ်းဖွင့်ပေးရန် ညွှန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့နိုင်ရေး လှုံ့ဆော်ပေးသည့် ပြည်သူများ၏ ဆန္ဒအဖြစ် မှတ်ယူပါကြောင်း ကီရှီးဒါးက ပြောသည်။ မိမိတွင် အသစ်တစ်ဖန်တာဝန်သိစိတ် ပိုမိုနိုးကြား တက်ကြွလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အာဘေး သေဆုံးခြင်းကို ရည်ညွှန်းပြောဆိုရာ၌ ခက်ခဲ ြမ်းတမ်းသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ယခင်ဝန်ကြီးချုပ်၏ ဆန္ဒကို လေးစားလိုက်နာသွားမည် ဖြစ်ကြောင်း ကီရှီးဒါးက ပြောသည်။

ယခုအချိန်အခါသည် ဂျပန်နိုင်ငံအတွက် စစ်ပွဲလွန်ကာလအတွင်း အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရကြောင်း ကီရှီးဒါးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ် ဖြေရှင်းရန် အင်တိုက်အားတိုက် ပြန်လည်စစ်ဆေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။  ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကာကွယ်နိုင်ရန်နှင့် စီးပွားရေး ပြန်လည်ရှင်သန်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကီရှီးဒါးက ကတိပေး ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ