အာဆီယံ အင်ဂျင်နီယာအကယ်ဒမီ ဖိုရမ်မှသည် အပိုင်း(၂)

သိပ္ပံစာရေးဆရာကိုကိုအောင်

အာဆီယံ-ကိုရီးယား အင်ဂျင်နီယာဖိုရမ်
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသော AAET မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုနေထိုင်ရာ Sunway Hotel  ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ပြန်ရောက်ပြီးနောက် ခေတ္တ အနားယူကာ ရေချိုးသန့်စင်သည်။ ပြီးနောက် ညစာစားပွဲကျင်းပသည့် Sunway Hotel Funtion Hall သို့ ဒေသစံတော်ချိန် ညနေ ၆ နာရတွင် ရောက်ရှိနေရာယူ ကြသည်။ အဆိုပါ ညစာစားပွဲမှာ Phnom Penh Engineering Science Fair နှင့် The 6th ASEAN-Korea Engineering Forum သို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ AAET အဖွဲ့ဝင် ကိုယ်စားလှယ်များအား AAETCambodia Chapter က ဂုဏ်ပြုတည်ခင်းဧည့်ခံသော အထူးညစာစားပွဲပင် ဖြစ်သည်။

ညစာစားပွဲ 
ညစာစားပွဲတွင် AAETCambodia Chapter  ၏ ဥက္ကဋ္ဌဖြစ်သူ  Dr. Meas Sokhomက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး AAET ၏ ဥက္ကဋ္ဌဖြစ်သူ Dr. Chuah Hean Teik က AAET  ၏ Fellow အဖြစ် သတ်မှတ်ခြင်းခံရသော ကမ္ဘောဒီးယား အင်ဂျင်နီယာများအား အသိအမှတ်ပြု လက်မှတ်များနှင့် အဆောင်အယောင်များကို တစ်ဦးချင်းထံ ဂုဏ်ပြုပေးအပ်သည်။ ပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြသည်။

ယင်းနောက် အာဆီယံနိုင်ငံများမှ AAET ကိုယ်စားလှယ်များအားလုံး အထူးညစာကို သုံးဆောင်ရင်း ခင်မင်ရင်းနှီးစွာ စကားပြောကြသည်။ အတွေ့အကြုံများ ဖလှယ်ကြသည်။ AAET  အဖွဲ့ကြီး ပိုမိုတိုးတက် အောင်မြင်လာစေရန်အတွက် မည်သို့မည်ပုံ စုပေါင်းလုပ်ဆောင်ကြမည်ကို ဆွေးနွေးတိုင်ပင်ကြသည်။ အာဆီယံနိုင်ငံများရှိ AAET-Chapter များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း တိုင်ပင်ညှိနှိုင်းကြသည်။ ဤသို့အားဖြင့် AAET Cambodia Chapter က တည်ခင်းဧည့်ခံသော ညစာစားပွဲသည် ပျော်ရွှင်ဖွယ်အတိဖြင့် နွေးထွေးစွာ၊ ရင်းနှီးပွင့်လင်းစွာ စကားပြော သုံးဆောင်ကြရင်း ပြီးဆုံးသွားခဲ့တော့သည်။

မိမိအခန်းသို့ ပြန်ရောက်ချိန်တွင် နောက်တစ်နေ့၌ ကျင်းပပြုလုပ်မည့် The 6th ASEAN-Korea Engineering Forum နှင့်ပတ်သက်၍ ကိုရီးယားသမ္မတ နိုင်ငံဘက်မှ တင်သွင်းဖတ်ကြားမည့် စာတမ်းနှင့်ပတ်သက်ပြီး Chairs Session အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးရမည်ဖြစ်၍ ကြိုတင်လေ့လာဖတ်ရှုရသည်။

နောက်တစ်နေ့ နိုဝင်ဘာ ၂၉ ရက် နံနက်တွင် တည်းခိုရာ Sunway Hotel ၌ နံနက်စာသုံးဆောင်ပြီးနောက် အခြားသော AAET အဖွဲ့ဝင်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်ကျင်းပမည့် Institute of Technology, Cambodia(ITC) သို့ မိုက်ခရိုဘတ်စ်ဖြင့် ထွက်ခွာလာခဲ့ကြရာ ITC သို့ ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅၀ တွင် ရောက်ရှိသည်။ ဖိုရမ် တက်ရောက်သူများ မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ Registration ပြုလုပ်ခြင်း၊ တစ်ဦးချင်းစီအလိုက် မိမိတို့ တာဝန်ယူ ဆောင်ရွက်ကြရမည့် ကဏ္ဍအတွက် အသိအမှတ်ပြု လည်ဆွဲတံဆိပ်များ ထုတ်ယူခြင်း၊ ခန်းမကြီးအတွင်း၌ ကြိုတင်ရောက်ရှိ နေရာယူခြင်းများကို ဆောင်ရွက်ကြသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဖိုရမ်ကျင်းပမည့် ခန်းမကြီးအတွင်းသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်တကွ အစိုးရတာဝန်ရှိသူများ ရောက်ရှိလာကာ စင်မြင့်ပေါ်၌ နေရာယူကြသည်။ မကြာမီမှာပင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ အဆင့်မြင့် အရာရှိကြီးများ၊ AAET ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ AAETCambodia Chapter ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ AAET ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကမ္ဘောဒီးယားနိုင်ငံ နည်းပညာတက္ကသိုလ် အပါအဝင် တက္ကသိုလ်နှင့် ကျောင်းအသီးသီးမှ ကျောင်းသား ကျောင်းသူများက ကမ္ဘောဒီးယား နိုင်ငံတော်သီချင်းနှင့်အတူ ကမ္ဘောဒီးယား နိုင်ငံတော် အလံကို တညီတညွတ်တည်း အလေးပြုကြသည်။

ထို့နောက် AAET-Cambodia Chapter  ၏ ဥက္ကဋ္ဌဖြစ်သူ Dr. Meas Sokhom ၊ AAET ဥက္ကဋ္ဌ Dr. Chuah Hean Teik နှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား အင်ဂျင်နီယာအကယ်ဒမီ (The National Academy of Engineering of Korea-NAEK) ၏ နိုင်ငံတကာရေးရာ ဥက္ကဋ္ဌ Mr.Kyung-Ho Shin တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြသည်။

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ H.E Yim Chhay Ly  က အဖွင့် မိန့်ခွန်းပြောကြားကာ The 6th ASEAN-Korea Engineering Forum   ကို ဖွင့်လှစ်ပေးလိုက်သည်။ ထို့နောက် တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ AAET ကိုယ်စားလှယ်များအားလုံး၊ AAET-Cambodia Chapte မှ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဧည့်သည်တော်များသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။ 

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။ ယင်းနောက် ဧည့်သည်တော်များအား ကော်ဖီနှင့်မုန့်များ သုံးဆောင်နိုင်ရန်အတွက် မိနစ် ၃၀ မျှ ခေတ္တအနားပေးသည်။ ကော်ဖီနှင့်မုန့်များ သုံးဆောင်အပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဖိုရမ်ကို စတင်ကျင်းပသည်။

စာတမ်းများ

ဦးစွာ AAET-Cambodia Chapter မှ Dr. Men Den က Policy & Strategy for AITS Development of Cambodia ခေါင်းစဉ်ဖြင့် စာတမ်းကို စတင် ဖတ်ကြားတင်သွင်းသည်။ အဆိုပါ စာတမ်းအတွက် Chairs Session  အဖွဲ့ဝင်များအဖြစ် Prof. Chew Yong Tian ၊  Dr. Pak Canada  နှင့် Mr. But Samet တို့က ဆောင်ရွက်ပေးကြသည်။

ယင်းနောက် AAET-Myanmar Chapter မှ Development of Engg. Education in Myanmar ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား တင်သွင်းသည်။ အဆိုပါစာတမ်း ဖတ်ကြားတင်သွင်းခြင်းအတွက် Chairs Session အဖွဲ့ဝင်များအဖြစ် Mr. Long Sarin  နှင့် Dr. Cheo Lin တို့က ဆောင်ရွက်ပေးကြသည်။

ဒုတိယစာတမ်း ဖတ်ကြားတင်သွင်းပြီးချိန်တွင် အာဆီယံနိုင်ငံများမှ AAET ကိုယ်စားလှယ်များသည် AAET နှင့် NAKE တို့က ပူးတွဲဧည့်ခံသည့် အထူးနေ့လယ်စာကို ဖနောင်ပင်မြို့ La President Hotel  ၌ သွားရောက် သုံးဆောင်ကြသည်။ ယင်းနောက် ITC  ခန်းမဆောင်ကြီး၌ ဖိုရမ်ကို ပြန်လည်ကျင်းပရာ ဦးစွာ ကိုရီးယားသမ္မတနိုင်ငံ ကိုရီးယားတက္ကသိုလ်မှ ဦးဆောင် ပါမောက္ခဖြစ်သူ Prof. Joo Young Sup က  The 4th Industrial Revolution & ASEANKorea SME Collaboration ခေါင်းစဉ်ဖြင့် တတိယစာတမ်းကို စတင်ဖတ်ကြားသည်။ အဆိုပါစာတမ်းအတွက် Chairs Session အဖွဲ့ဝင်များအဖြစ် Prof. Chen Yong Tia ၊ Dr. Pak Canada နှင့် Dr. Mong Seng Gin တို့က ဆောင်ရွက်ပေးကြသည်။

ထို့နောက် မလေးရှားနိုင်ငံ Tunku Abdul Rahman တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ Pro.Dr.Oo Pou San က Economic Opportunities for Youth in Malaysia  ခေါင်းစဉ်ဖြင့် စတုတ္ထမြောက်စာတမ်း ဖတ်ကြားတင်သွင်းရာ Chairs Session  အဖွဲ့ဝင်များအဖြစ် Dr. Tan Chee Fai ၊ ဒေါက်တာအောင်ကျော်မြတ်နှင့် ဒေါက်တာခင်ခင်ခိုင်တို့က ဆောင်ရွက်ပေးကြသည်။

Engineering Forum  နေ့လယ်ပိုင်းတွင် ပဉ္စမမြောက်စာတမ်းဖြစ်သော Technology-Based Local Community Development with AgroFood & Sustainable Energy System in Lao PDR ကို ကိုရီးယားသမ္မတနိုင်ငံ Hanbat University  မှ Prof. OH Yong June က ဖတ်ကြားတင်သွင်းရာ အဆိုပါ စာတမ်းအတွက် Engr. ဦးကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)နှင့် Mr. Yau Chau Fong  တို့က Chairs Session အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ပေးကြသည်။ 

ဖိုရမ်၏ နောက်ဆုံးစာတမ်းဖြစ်သော Chemical Free Agriculture,  Myanmar Experience ကို မြန်မာနိုင်ငံမှ အငြိမ်းစား ပါမောက္ခ/ဌာနမှူး ဒေါက်တာစိန်မြင့်က ဖတ်ကြားတင်သွင်းပြီး Chairs Session အဖွဲ့ဝင်များအဖြစ် Dr.Mong Senglin ၊ Dr.Sat Dara နှင့် Engr. ဦးစိုးအောင်တို့က ဆောင်ရွက်ပေးကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး
Engineering Forum ၌ စာတမ်းများ ဖတ်ကြားတင်သွင်းအပြီးတွင် မိနစ် ၃၀ ခန့် ခေတ္တရပ်နားပြီးနောက် AAET-NAEK Round Table Meeting ကို ITC ပညာရေး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာအကယ်ဒမီ(AAET)နှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား အင်ဂျင်နီယာအကယ်ဒမီ(NAEK) တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအားလုံး စုံညီစွာတက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ နည်းပညာနှင့် အဆင့်မြင့် နည်းပညာကဏ္ဍ၊ ဝန်ဆောင်မှုရေးရာ ကဏ္ဍများတွင် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ကြမည်၊ မည်သို့မည်ပုံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြမည် ဆိုသည်ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် AAET ဥက္ကဋ္ဌ Dr. Chuah Hean Teik  က အစည်းအဝေးရလဒ် ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်အကယ်ဒမီ၏ ဥက္ကဋ္ဌ H.E. SOK Touch  က ချီးကျူးဂုဏ်ပြုစကားကို လည်းကောင်း၊ ပညာရေး၊ လူငယ်နှင့် အားကစားရေးရာဝန်ကြီးဌာနမှ  H.E. Hang Chuon  က နိဂုံးချုပ်စကားကိုလည်းကောင်း အသီးသီးမြွက်ကြားကြပြီး ဆွေးနွေးပွဲ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအားလုံး ဆွေးနွေးပွဲခန်းမ၌ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် အခြားသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များနှင့်အတူ  ITC  မှ ပြန်လည် ထွက်ခွာလာရာ Sunway Hotel သို့ ညနေ ၆ နာရီတွင် ပြန်လည်ရောက်ရှိသည်။ ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ NAEK uက ကမကထပြု တည်ခင်းဧည့်ခံမည့် အထူးညစာစားပွဲကျင်းပရာ Raffles de Royal Hotel သို့ သွားရောက်ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တည်းခိုနေထိုင်ရာ Sunway Hotel  နှင့် မလှမ်းမကမ်း၌ တည်ရှိသော  Raffles de Royal Hotel  ၌ NAEK  က တည်ခင်းဧည့်ခံသော အထူးညစာစားပွဲ၌ ဥရောပစတိုင် အစားအစာများကို မြိန်ရှက်စွာ သုံးဆောင်ရင်း  The 6th ASEAN-Korea Engineering Forum သို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၏ ဖနောင်ပင်မြို့၌ တွေ့ဆုံမှု နောက်ဆုံးည၊ နှုတ်ဆက်ညအဖြစ် ခင်မင်ရင်းနှီးပွင့်လင်းစွာ စကားပြောဖြစ်ခဲ့ကြသည်။ အမှတ်တရဓာတ်ပုံများ ရိုက်ကူးဖြစ်ခဲ့ကြသည်။ မိမိတို့၏ သက်ဆိုင်ရာ နိုင်ငံများဆီသို့ အလည်အပတ်လာရောက်ပါရန် အချင်းချင်း ဖိတ်မန္တက ပြုဖြစ်ခဲ့ကြသည်။

ဤသို့ဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော အထူးညစာစားပွဲအပြီး ဒေသစံတော်ချိန် ည ၉ နာရီတွင် Raffles de Royal Hotel မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ တည်းခိုရာ Sunway Hotel o သို့ ည ၉ နာရီခွဲတွင် ရောက်ရှိသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ငါးဦးအနက် ဒေါက်တာစိန်မြင့်က နိုဝင်ဘာ ၃၀ ညပိုင်းတွင် Emirate လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်။ ဒေါက်တာ အောင်ကျော်မြတ်က ဖနောင်ပင်မြို့ ၌ နောက်ထပ်သုံးရက်ခန့် ဆက်လက်နေထိုင်မည်။

မိမိနှင့်တကွ ကျန်အဖွဲ့ဝင်နှစ်ဦး၊ စုစုပေါင်း သုံးဦးတို့ကမူ နိုဝင်ဘာလ ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ဖနောင်ပင်မြို့ Sunway Hotel  မှ Siem Reap မြို့သို့ သွားရောက်မည်ဖြစ်၍ အဝတ်အစား၊ စာရွက်စာတမ်းများနှင့် ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ ညဉ့်မနက်မီ အိပ်ရာဝင်ခဲ့တော့သည်။    ။