အာဆီယံ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများကို သွားရောက်လေ့လာ

နေပြည်တော် ၂၈ ဇန်နဝါရီ

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre)က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ လေးသိန်းခွဲခန့် တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စင်္ကာပူနိုင်ငံမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၇)သောင်းခွဲခန့်တန်ဖိုးရှိသည့် မီးဖိုချောင်သုံး ပစ္စည်းများကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နေရပ်စွန့်ခွာပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် AHA Centre ၏ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (Emergency Response and Assessment Team- ERAT)မှ အဖွဲ့ဝင် (၃)ဦးတို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများတွင် နည်းပညာဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန်၊ AHA Centre မှ ထောက်ပံ့ပေးထားသည့် လူသားချင်းစာနာမှု အကူအညီများ ဖြန့်ခွဲထားမှုကို သိရှိလေ့လာနိုင်ရန်နှင့် ထပ်မံလိုအပ်နိုင်သည့် အကူအညီများအတွက် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ရခိုင်ပြည်နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။ 

ယင်းကဲ့သို့ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ကို စေလွှတ်ဆောင်ရွက်ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထင်ဟပ်ပြသခြင်းဖြစ်ပြီး “တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု”ကို ပိုမိုအသက်ဝင်စေသည့်အပြင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဒေသတွင်းနိုင်ငံများက ပိုမိုလေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)