အာဆီယံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် မနက်ဖြန်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အင်ဒိုနီးရှား တွေ့ဆုံ

၂၄  အောက်တိုဘာ

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၂၅ ရက်  ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံနေသည်။

 

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ခြောက်မှတ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်းမှာမူ အိမ်ရှင်ဗီယက်နမ်ကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း ရှုံးပွဲမရှိဘဲ မလေးရှားနှင့် သြစတြေးလျကိုနိုင်ကာ ဗီယက်နမ်နှင့် သရေကျခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း လေးနှစ်ဆက်တိုက် တွေ့ဆုံခဲ့ပြီး ပြီးခဲ့သည့်သုံးကြိမ်တွင် မြန်မာအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ၂၀၁၆ ပြိုင်ပွဲတွင် ခြောက်ဂိုး-သုံးဂိုး၊ ၂၀၁၇ ပြိုင်ပွဲတွင် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ၂၀၁၈ ပြိုင်ပွဲတွင် ငါးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

 

ယခုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရသည့် သုံးသင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အာရှဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း