အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ပွဲစတင်ရရှိ

ရဲရင့်ရှိုင်း

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။

နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားသည့် မြန်မာအသင်းသည် ပထမဆုံးနိုင်ပွဲရခဲ့သော်လည်း လက်ကျန်ပွဲအနေအထားကြောင့် နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် ဂိုးသွင်းခွင့်များအသုံးမချနိုင်၍ ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှ အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။ 

မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၇၄ မိနစ်တွင် ရန်နောင်ထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ အုပ်စု (က) အခြားပွဲများတွင် ဗီယက်နမ်အသင်းက စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး တီမောနှင့် အင်ဒိုနီးရှားအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာအသင်းသည် သုံးပွဲကစား လေးမှတ်ရထားပြီး စတုတ္ထပွဲအဖြစ် သြဂုတ် ၂ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

အုပ်စု (က) တွင် သုံးပွဲစီကစားအပြီး၌ တီမောနှင့် အင်ဒိုနီးရှားအသင်းက ခုနစ်မှတ်စီ၊ ဗီယက်နမ်အသင်းက ခြောက်မှတ်၊ မြန်မာအသင်းက လေးမှတ်၊ စင်ကာပူအသင်းက တစ်မှတ်ရထားပြီး ဖိလစ်ပိုင်အသင်းမှာမူ သုံးပွဲစလုံး ရှုံးနိမ့်ထားသည်။