အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာနှင့် စင်ကာပူ ဇူလိုင် ၂၇ ရက် ကစားမည်

ရန်ကုန် ၂၆ ဇူလိုင်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဇူလိုင် ၂၇ ရက် စတင်မည်ဖြစ်ပြီး မြန်မာအသင်းသည် စင်ကာပူနှင့် ပွဲဦးထွက်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင်  ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ အုပ်စု (က) ပွဲစဉ်များကို ယနေ့ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ ညနေ ၃ နာရီတွင် တီမောနှင့် ဖိလစ်ပိုင်၊ ညနေ ၅ နာရီခွဲတွင် မြန်မာနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအနေအထားအရ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်တို့နှင့်ပွဲများတွင် ရလဒ်ကောင်းထားရန် လိုအပ်နေသည်။ ထို့ကြောင့် ယနေ့ယှဉ်ပြိုင်မည့်ပွဲတွင် အနိုင်သုံးမှတ်အပြင် ဂိုးပြတ်သွင်းယူနိုင်ရန်လည်း ကြိုးပမ်းရမည်ဖြစ်သည်။

မြန်မာ ယူ-၁၅ အမျိုးသားအသင်းတွင် အုပ်ချုပ်သူ-ဦးညီညီလတ်၊ နည်းပြချုပ်-တော်စတန်ဖရန့်ခ်၊ လက်ထောက်နည်းပြ-တာကူမာ၊ ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြ-ဦးဇော်လင်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ထက်အာကာဝင်း၊ အောင်ကျော်ဖြိုး၊ အောင်စည်သူ၊ နောက်တန်း-ထွန်းထွန်းဝင်း၊ ထူးမြတ်ခန့်၊ အောင်ကိုမင်း၊ လတ်ဝေဖုန်း၊ မိုးခန့်၊ ဝေယံလင်းသူ၊ အလယ်တန်း-ကောင်းထက်ပိုင်၊ ကောင်းခန့်၊ အောင်ကျော်မင်း၊ ထက်မြတ်လွင်၊ သန်းတိုးအောင်၊ ကျော်မင်းခန့်၊ ထက်အောင်ဝင်း၊ ကောင်းဇော်လင်း၊ ရှေ့တန်း-ရန်နိုင်ထွန်း၊ ဇင်မျိုးအောင်၊ စိုင်းစိုင်းအံထူး၊ ဝေဖုန်းမြင့်ကျော်၊ မင်းသူနှင့် ဟိန်းထက်ဇော်ဝင်းတို့ ပါဝင်သည်။

ရဲရင့်ရှိုင်း