အာဆီယံ ယူ-၁၅ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန် ၂၄ ဇူလိုင်

မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။        

မြန်မာ ယူ-၁၅ အမျိုးသားအသင်းတွင် အုပ်ချုပ်သူ-ဦးညီညီလတ်၊ နည်းပြချုပ်-တော်စတန်ဖရန့်ခ်၊ လက်ထောက်နည်းပြ-တာကူမာ၊ ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြ-ဦးဇော်လင်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ထက်အာကာဝင်း၊ အောင်ကျော်ဖြိုး (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊  အောင်စည်သူ (မြန်မာဘောလုံး အကယ်ဒမီ-ပုသိမ်)၊ နောက်တန်း-ထွန်းထွန်းဝင်း၊ ထူးမြတ်ခန့်၊ အောင်ကိုမင်း (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ လတ်ဝေဖုန်း (ရန်ကုန်)၊ မိုးခန့်၊ ဝေယံလင်းသူ (မြန်မာဘောလုံး အကယ်ဒမီ-ပုသိမ်)၊ အလယ်တန်း-ကောင်းထက်ပိုင်၊ ကောင်းခန့်၊ အောင်ကျော်မင်း၊ ထက်မြတ်လွင်၊ သန်းတိုးအောင်၊ ကျော်မင်းခန့် (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ ထက်အောင်ဝင်း၊ ကောင်းဇော်လင်း (တပ်မတော် ဘောလုံးအကယ်ဒမီ)၊ ရှေ့တန်း-ရန်နိုင်ထွန်း၊ ဇင်မျိုးအောင်၊ စိုင်းစိုင်းအံထူး၊ ဝေဖုန်းမြင့်ကျော်၊ မင်းသူ (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)နှင့် ဟိန်းထက်ဇော်ဝင်း (မြန်မာဘောလုံး အကယ်ဒမီ-ပုသိမ်) တို့ ပါဝင်ကြသည်။

မြန်မာ ယူ-၁၅ အသင်းကို အကယ်ဒမီများမှ ကစားသမားအများစုဖြင့် ဖွဲ့စည်းထားပြီး မြန်မာဘောလုံး အကယ်ဒမီ မန္တလေးနှင့် ပုသိမ်တို့မှ ကစားသမား အများစုပါဝင်ကာ တပ်မတော်အကယ်ဒမီနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကစားသမား အချို့လည်း ရွေးချယ်ခံခဲ့ရသည်။

မြန်မာ ယူ-၁၅ အသင်းသည် ဇူလိုင်တတိယပတ်တွင် နည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခင်နည်းပြချုပ် ဂျပန်နိုင်ငံသား တာကူမာကို လက်ထောက်နည်းပြအဖြစ် ပြောင်းလဲကာ ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ 

မြန်မာ ယူ-၁၅ အသင်းသည် ယခုပြိုင်ပွဲအတွက် မတ်လကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဧပြီတွင် တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဟောင်ကောင် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ကစားသမားအချို့ ပြောင်းလဲကာ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ အာဆီယံ ယူ-၁၅ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင်  ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ သြစတြေးလျအသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် ၂၇ ရက်တွင် စင်ကာပူ၊ ဇူလိုင် ၂၉ ရက်တွင် တီမော၊ ဇူလိုင် ၃၁ ရက်တွင် ဖိလစ်ပိုင်၊ သြဂုတ် ၂ ရက်တွင် ဗီယက်နမ်၊ သြဂုတ် ၄ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်