ရန်ကုန်     ဇွန်     ၁

၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A) ပထမနေ့ကို ဇွန် ၁ ရက်က   အင်ဒိုနီးရှားနိုင်ငံ၌  စတင်ကျင်းပရာ  မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

အုပ်စု(A) ပထမနေ့တွင် ဗီယက်နမ်အသင်းက တီမောအသင်းကို သုံးဂိုးပြတ်၊ အိမ်ရှင်အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို သုံးဂိုးပြတ် အနိုင်ရရှိသည်။ မြန်မာအသင်းအနေဖြင့် ယခုထက်ပိုကောင်းသည့်ရလဒ် ရသင့်သော်လည်း ခံစစ်ပိုင်းအမှားများသဖြင့် ပွဲပြီးခါနီးတွင် နှစ်ဂိုးဆက်ပေးရကာ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်းသည် ယခုပွဲရှုံးပွဲကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် ရုန်းကန်ရမည်ဖြစ်သည်။ အင်ဒိုနီးရှားအသင်းအတွက် ဂိုးများကို ၃၈ မိနစ်တွင် ကာကာ၊ ၇၈၊ ၈၇ မိနစ်တွင် ဒီမစ်တို့က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ဇွန် ၄ ရက်တွင် ဗီယက်နမ်အသင်းနှင့် ဆက်လက် ကစားရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF