ရန်ကုန် မေ ၉
၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲနှင့် ၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းသည် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဧပြီ ၂၅ ရက်မှ မေ ၂ ရက်အထိ ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲ ကစားရာ သုံးပွဲစလုံး အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ထိုင်းကလပ် အသင်းများ၏ လူငယ်အသင်းများနှင့် ခြေစမ်းကစားခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းကို ဂျပန်နည်းပြ ယူဂျီဆူအိုခါက ကိုင်တွယ်နေပြီး ပြီးခဲ့ သည့်နှစ်ကတည်းက ကာလရှည် လေ့ကျင့်ပြင်ဆင်ထားကာ ကစားသမားများ အတွေ့အကြုံရစေရန် Junior Lions အသင်းအမည်ဖြင့် MNL ယူ-၂၁ လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဇွန် ၁ ရက်မှ ၁၄ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် လာအိုအသင်းမှလွဲ၍ အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၁ နိုင်ငံ ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စုသုံးခုခွဲ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ မြန်မာ၊ အုပ်စု(B)တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ အုပ်စု(C)တွင် သြစတြေးလျ၊ ကမ္ဘော ဒီးယား၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေပြီး အုပ်စု တစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးတစ်သင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - MFF


