အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံမှုများ ပြုလုပ်ရန် တောင်ကိုရီးယားသမ္မတ တောင်းဆို

ဆိုးလ် ၂၇ နိုဝင်ဘာ

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ခိုင်မာသည့် ဆက်ဆံမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၆ ရက်က ဖော်ပြလိုက်သည်။

တောင်ကိုရီးယားသမ္မတသည် ဘူဆန်တွင် အာဆီယံ- ကိုရီးယား အစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက် က လက်ခံကျင်းပလျက်ရှိကြောင်း သိရပြီး ၎င်း၏တောင်ပိုင်းမူဝါဒသစ်အရ အရှေ့တောင်အာရှနှင့် အိန္ဒိယတို့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အစည်းအဝေး စတင်လျှင် စတင်ချင်း တောင်ကိုရီးယားသမ္မတ မွန်က တောင်ကိုရီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၁၉၉၀ ပြည့်လွန် နှစ်များနောက်ပိုင်းကာလတွင် အာဆီယံငွေကြေးအကျပ်အတည်းကို ရင်ဆိုင် ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ။

အာဆီယံ ၁၀ နိုင်ငံတွင် ကိုရီးယား နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများသည်လည်း လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်နှင့် နှိုင်းယှဉ်လျှင်အဆ ၇၀ လောက်အထိ တိုးတက်လာခဲ့ကြောင်း၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများကြား စည်းလုံးညီညွတ်မှုသည် အသစ်အသစ်သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ပူးတွဲမူဘောင်တစ်ခု ဖန်တီးနိုင်ဖို့ကိုလည်း မျှော်လင့်လျက်ရှိကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ကုန်သွယ်ရေး ပဋိပက္ခကြောင့် နှေးကွေးလျက်ရှိကြောင်း၊ ထို့အတူ မြောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ မဖြေရှင်း နိုင်သောကိစ္စကြောင့်လည်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို ဂယက်ထစေကြောင်း မွန်က ဆက်လက်ပြောကြားသည်။ ။

အဆိုပါအခြေအနေများနှင့် ကြုံတွေ့နေသော်လည်း တောင်ကိုရီးယား သမ္မတမွန်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဖော်ဆောင်လိုကြောင်း သိရသည်။ ။

အဆိုပါနေ့နှောင်းပိုင်းတွင် အစည်းအဝေးတက်ရောက်လာသူများသည် ပူးတွဲကြေညာချက်တစ်ရပ် ချမှတ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

အင်န်အိတ်ချ်ကေ