“အာဆီယံအသိုက်အဝန်း စာရင်းအင်းစနစ် ကော်မတီနှင့် အခြားအာဆီယံအဖွဲ့များ၏ အစည်းအဝေး ရလဒ်များဆိုင်ရာ သတင်း အချက်အလက်များအား မြန်မာစာရင်းအင်း အသိုက်အဝန်းသို့ မျှဝေသည့်ဖိုရမ်” ကျင်းပ

နေပြည်တော် ၇  ဖေဖော်ဝါရီ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်း အဖွဲ့သည် အာဆီယံ အသိုက်အဝန်း စာရင်းအင်းစနစ် ကော်မတီနှင့် အခြားအာဆီယံအဖွဲ့များ၏ အစည်းအဝေး ရလဒ်များဆိုင်ရာ သတင်းအချက်အလက်များအား မြန်မာစာရင်းအင်း အသိုက်အဝန်းသို့ မျှဝေသည့်ဖိုရမ်ကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် ကုလသမဂ္ဂ၏ ၂၀၃၀ ဖွံ့ဖြိုးမှု အစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များကိုလည်း ၂၀၁၆ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ သာမက မဲခေါင်ဒေသတွင်း အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ လက်တွေ့ကျသည့် စီမံကိန်းများ၊ မူဝါဒများချမှတ် အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိစေရန်အတွက် စာရင်းအင်း အချက်အလက်များကို နားလည် သိရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ရောက်ရှိနေသည့် တိုးတက်မှု အခြေအနေများကို သိရှိရန်အတွက် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းကို ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

ထိုကဲ့သို့ စောင့်ကြည့် လေ့လာ အကဲဖြတ်နိုင်ရန်အတွက် စာရင်းအင်းအချက်အလက်များသည် အရေးကြီးပါကြောင်း၊ ဗဟိုစာရင်းအင်း အဖွဲ့အနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ အခြေခံနှစ်ညွှန်ကိန်း  အစီရင်ခံစာကို ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည် ဖော်ဆောင်ရန်နှင့် စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတွင်းသာမက အာဆီယံဒေသတွင်း အစီအစဉ်များနှင့်လည်း ကိုက်ညီအောင် အကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ အာဆီယံနိုင်ငံများ၏ အာဆီယံအသိုက်အဝန်း စာရင်းအင်းစနစ်မှ စာရင်းအင်းစနစ်များ မျှဝေမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသတွင်းစာရင်း အင်းစနစ်ခိုင်မာ အားကောင်းစေရန်အတွက် ပံ့ပိုးကူညီပေးကြသော အာဆီယံ စာရင်းအင်းဌာန၊ ဥရောပ-အာဆီယံနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ စာရင်းအင်းဌာနမှ Senior Officer၊ Mr. Puguh B Irawan တို့က အမှာစကား ပြောကြားသည်။

ဆက်လက်၍ အာဆီယံအသိုက်အဝန်းဆိုင်ရာ စာရင်းအင်းစနစ်၏ ဆယ်စုနှစ်နှစ်ခု အတွင်းပူးပေါင်း ဆောင်ရွက်မှုများ၊ နှစ်ပေါင်း(၅၀)အတွင်း အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များနှင့်မြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် စပ်လျဉ်းသည့် ဗီဒီယိုဖိုင်များကို ပြသပြီးစုပေါင်း မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က လက်ရှိမြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် အာဆီယံအသိုက်အဝန်းစာရင်းအင်း စနစ်တို့ကို လည်းကောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ စာရင်းအင်းဌာန Senior Officer၊ Mr. Puguh B Irawanမှ အာဆီယံအသိုက်အဝန်း စာရင်းအင်းစနစ်၏ သမိုင်းနှင့်မှတ်တိုင်များ တို့ကိုလည်းကောင်း ရှင်းလင်း ပြောကြားကာ တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် EU-ASEAN COMPASS ၏ စာရင်းအင်းဆိုင်ရာ အစီအစဉ်များကို COMPASS အဖွဲ့ခေါင်းဆောင် Mr.YannickBineau မှလည်းကောင်း၊ စာရင်းအင်းကဏ္ဍ ဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ အခန်းကဏ္ဍကို World Bank မှ စီးပွားရေး စာရင်းအင်းပညာရှင် Mr.Clarence မှလည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ Mr.HeangKanol၊Mr.Mohammad Ari Nugraha၊ Mr.Puguh B Irawan၊Mr. YannickBineau၊ Ms.Hyeran Kimတို့မှ Panelists များအဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ စာရင်းအင်းဆိုင်ရာ အတွေ့အကြုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

MDN