အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (၂၀၂၂) နှင့် အာဆီယံ စွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီ အစည်းအဝေးများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (၂၀၂၂) (SPECIAL SENIOR OFFICIALS MEETING ON ENERGY (SPECIAL SOME) -2022) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာန (ASEAN CENTRE FOR ENERGY – ACE) အုပ်ချုပ်မှုကောင်စီ အစည်းအဝေးတို့ကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျ ဥက္ကဌအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်သည်။

 

အစည်းအဝေးတွင် အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စွမ်းအင်ဆိုင်ရာကိစ္စ၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၂၀၁၆-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation – APAEC 2016-2025) ၏ ဒုတိယအဆင့် ၂၀၂၁-၂၀၂၅ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များမှ ဘရူနိုင်းနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးကာ အတည်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

 

ဆက်လက်၍ အစည်းအဝေး၌ အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေးနည်းပညာ ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံလျှပ်စစ် စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာအသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ ဒေသတွင်း စွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍခွဲ၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံစွမ်းအင်မူဝါဒ ချမှတ်သူများအဖွဲ့အစည်း ကွန်ယက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေး ကဏ္ဍများတို့နှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိင်ငံမှ အာဆီယံစွမ်းအင်ကဏ္ဍ အလှည့်ကျဥက္ကဌအဖြစ် ဦးဆောင်၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြသည်။

 

ထို့အပြင် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီ အစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် လုပ်ငန််စဉ်များအပေါ် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိများမှ အပြန်အလှန် ဆွေးနွေးအတည်ပြု ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်