အာဆီယံခေါင်းဆောင်များ ပင်လယ်ပြင် အမှိုက်သရိုက်များ ကိုင်တွယ်ဖြေရှင်းရန် ကြေညာချက်ထုတ်ပြန်

၁၁ ဇွန်          

 

  
အရှေ့တောင်အာရှ အာဆီယံခေါင်းဆောင်များသည် အထူးသဖြင့် ပလတ်စတစ်များ ဖြစ်သည့် ပင်လယ်ပြင်အမှိုက်သရိုက်များ ကြီးထွားလာသောပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ယခုလနှောင်းပိုင်းမှာကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွင်း ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း ယမန်နေ့က ရရှိခဲ့သည့် ကြေညာချက်မူကြမ်းအရ သိရသည်။

 


အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်ခေါင်းဆောင် ၁၀ ဦးတို့သည် အာဆီယံ ဒေသရှိ ပင်လယ်ပြင် အမှိုက်သရိုက်များ တိုက်ဖျက်ရေး ကြေညာချက်ကို ဗန်ကောက်ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးအတွင်း ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 


ထိုကြေညာချက်မူကြမ်းတွင် အာဆီယံနိုင်ငံခေါင်းဆောင်များက ပင်လယ်ပြင် အမှိုက်သရိုက်များကို သိသိသာသာလျှော့ချရေးနှင့် တားဆီးရေးတို့ကို  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှတစ်ဆင့် နိုင်ငံတော်အဆင့်တွင် တက်တက်ကြွကြွလုပ်ဆောင်ကြရန် မေတ္တာရပ်ခံထားသည်။

 


အာဆီယံခေါင်းဆောင်များက ပင်လယ်ပြင်အမှိုက်သရိုက်များ တိုက်ဖျက်ရန် သုတေသနအလုပ်နှင့် သိပ္ပံဆိုင်ရာ အလုပ်ပိုမို လုပ်ဆောင်ရန်၊ အများပြည်သူ အသိပညာတိုးပွားစေရန်၊  ပြည်သူများ၏ အပြုအမူပြောင်းလဲခြင်း  ရည်ရွယ်ချက်နှင့်အတူ သင်ကြားလေ့ကျင့်ပေးမှုနှင့် အားပေးမှု တို့မှတစ်ဆင့် ပူးပေါင်းပါဝင်ခြင်းတို့ကိုလည်း ကြေညာချက်ထုတ်ပြန်မည် ဖြစ်သည်။

 


စီးပွားရေးလုပ်ငန်းများ၊ ဒေသလူ့အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေလုပ်ငန်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းများ၊ ဂေဟစနစ်များ၊ အဏ္ဏဝါဇီဝမျိုးကွဲများအပေါ် ဆိုးရွားစွာသက်ရောက်မှုများ၊ အခြားသော အမှိုက်သရိုက်များနှင့် အဏ္ဏဝါပလပ်စတစ်အမှိုက်သရိုက်များ လျှင်မြန်စွာ တိုးမြှင့်လာသည့် အဆင့်များအပေါ် အာဆီယံနိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို ထိုမူကြမ်းတွင် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်မူကြမ်းတွင် လူ့ကျန်းမာရေး၊ အစားအစာများဘေးကင်းရေး၊ အဏ္ဏဝါဂေဟစနစ်အပေါ် ပလတ်စတစ်များ၏ အကျိုးဆက်များနှင့် ဗဟုသုတများ ခိုင်မာအားကောင်းရေးတို့အတွက် အရေးတကြီး လိုအပ်နေသည်ကို ကိုးကားဖော်ပြထားသည်။

 


ကိုးကား - ကျိုဒိုနယူး
ဘာသာပြန် - မြင့်မြင့်ချို