အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်၏ လုပ်ငန်းဆောင်ရွက်မှုများ

နိုင်ငံ့လုပ်သားထု၏ ဘဝအရည်အသွေးမြင့်တက်စေရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်သည် အရေးပါသည့်ကိစ္စရပ်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်သည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံအတွင်းသို့မဟုတ် လုပ်ငန်းခွင်အတွင်း အကောင်အထည်ဖော်သည့်နေရာတွင် အခြားသူများ၏အောင်မြင်ခဲ့သည့် အလေ့အကျင့် ကောင်းများကို လေ့လာအတုယူပြီး မိမိနိုင်ငံအခြေအနေ (သို့မဟုတ်) မိမိလုပ်ငန်းခွင်အခြေအနေနှင့် ကိုက်ညီသည့်ပုံစံသို့ ပြောင်းလဲကျင့်သုံး၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ထိရောက်မှုရှိသည့် နည်းလမ်းတစ်ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အနေဖြင့်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်သင့်သည့် မူဘောင်များ၊ နည်းလမ်းများကိုပြဋ္ဌာန်းချက် (Conventions)များ၊ လမ်းညွှန်ချက်များအဖြစ် ထုတ်ပြန်ပေးသည့်အပြင် ကမ္ဘာ့နိုင်ငံများအကြား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံများ၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေများအရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနယ်ပယ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများ ကို နိုင်ငံအချင်းချင်း မျှဝေဖလှယ်နိုင်ရန် ဆွေးနွေးပွဲများ၊ ညီလာခံများကျင်းပပြုလုပ်လျက်ရှိပါသည်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလေ့အကျင့်ကောင်းများမျှဝေနိုင်ရေး ဒေသတွင်းနိုင်ငံများ၊ လုပ်ငန်းနယ်ပယ်တူသည့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လေ့ ရှိကြသည်။

ASEAN-OSHNET ဖြစ်ပေါ်လာပုံ

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံများမျှဝေနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရေးအဖွဲ့တစ်ခု ထူထောင်ရန် ၁၉၈၄ ခုနှစ်တွင် ILO က ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ခုမှအစပြုခဲ့သည်ဟု ဆိုရပေမည်။ အဆိုပါဆွေးနွေးပွဲတွင် ဒေသတွင်းလုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်အခြေအနေ တိုးတက်စေရေးအတွက် သင်တန်းနှင့် သုတေသနလုပ်ငန်းများ စီမံခြင်းနှင့် သတင်းအချက်အလက်များ စုဆောင်းနိုင်စေရေးဒေသတွင်းအဖွဲ့တစ်ခု ထူထောင်သင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့မှုကို ၁၉၈၄ ခုနှစ် အောက်တိုဘာလမှာကျင်းပခဲ့သည့် ပထမအကြိမ်မြောက် အာဆီယံအလုပ်သမားရေးရာ နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် သဘောတူခဲ့ပြီး (၅) ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေးမှာလည်း အတည်ပြုခဲ့ကြသည်။

အဆိုပါ အကြံပြုချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးတစ်ရပ်အနေဖြင့် ၁၉၉၅ ခုနှစ်တွင် United Nations Development Programme (UNDP) က လုပ်ငန်းခွင် အခြေအနေတိုးတက်စေရေးနှင့်ပတ်သက်၍ အာဆီယံလေ့ကျင့်သင်ကြားရေးစင်တာ (သို့မဟုတ်) ကွန်ရက် တစ်ခုထူထောင် ရာတွင် ကူညီပံ့ပိုးလိုကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ဆက်သွယ်လာသည့်အတွက် အာဆီယံနိုင်ငံများမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆောင်ရွက်နေသည့် ဌာန၊ အဖွဲ့များကို ဖိတ်ကြား၍ ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကွန်ရက်တစ်ခု ထူထောင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

၂၀၀၀ ပြည့်နှစ်တွင် အာဆီယံနိုင်ငံများမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆောင်ရွက်နေသည့် ဌာန၊ အဖွဲ့များ၏ ခေါင်းဆောင်များက နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး၍ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် (ASEAN Occupational Safety and Health Network – ASEAN-OSHNET) ကို ဖွဲ့စည်း ထူထောင်ခဲ့ပါသည်။ ASEAN-OSHNET အဖွဲ့ကြီး သည် ကုန်ထုတ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထု ပေါ်ပေါက်လာစေရန် အန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးထိရောက်သည့် ကွန်ရက်တစ်ခုဖြစ်စေရေးမျှော်မှန်းချက်ဖြင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဖြစ်ပါသည်။

ASEAN-OSHNET သည် အာဆီယံအသိုက်အဝန်း၏ မဏ္ဍိုင်သုံးခုအနက်မှ တစ်ခုဖြစ်သည့် အာဆီယံလူမှု−ယဉ်ကျေးမှုအသိုက်အဝန်း (ASEAN Socio-Cultural Community– ASCC) ၏ လုပ်ငန်း နယ်ပယ်အောက်တွင် အကျုံးဝင်ပါသည်။ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကွန်ရက်အနေဖြင့် ဆုံးဖြတ်ချက်အစီရင်ခံစာကို အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေး (Senior Labour Officers’ Meeting -  SLOM) သို့ တင်ပြအတည်ပြုချက် ရယူရပါသည်။ အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေးမှဆုံးဖြတ်ချက်များကို အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး (ASEAN Labour Ministers’ Meeting - ALMM) သို့ လည်းကောင်း၊ အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှ ဆုံးဖြတ်ချက်များကို အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit Meeting) သို့လည်းကောင်း အဆင့်ဆင့်ပေးပို့တင်ပြပြီး ဆုံးဖြတ်ချက်ရယူ ဆောင်ရွက်ကြရသည်။

ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့နှင့် အတွင်းရေးမှူးချုပ် အခန်းကဏ္ဍ

ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့အနေဖြင့် မူဝါဒဆိုင်ရာညွှန်ကြားချက်များ၊ လုပ်ငန်းအစီအစဉ် ညှိနှိုင်းချမှတ်ခြင်းနှင့် ASEAN-OSHNET အတွင်းရေးမှူးချုပ်ခန့်အပ်ခြင်းတို့ကို ဆောင်ရွက်ပါသည်။ ASEAN-OSHNET အတွင်းရေးမှူးချုပ်အနေဖြင့် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့၏ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ထောက်ပံ့ပေးခြင်း၊ ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။

ပထမအကြိမ် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး (Coordinating Board Meeting – CBM) ကို ၂၀၀၀ ပြည့်နှစ် သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့၌ ASEAN-OSHNET ၏ ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာအာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများ၏ သံရုံးကိုယ်စားလှယ်များ၊ ILO (ဂျကာတာရုံးခွဲ)တို့ တက်ရောက်၍ ဒေသတွင်းလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတိုးတက်စေရန် ကနဦးခြေလှမ်းကို အစပြုခဲ့ကြပါသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးကို သုံးနှစ်ဆက်တိုက် အင်ဒိုနီးရှားနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ်အလှည့်ကျ ဦးဆောင်ကျင်းပလျက်ရှိပါသည်။ ထို့ပြင် ASEAN-OSHNET အတွင်းရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များကို အဖွဲ့ဝင်နိုင်ငံကသုံးနှစ်လျှင်တစ်ကြိမ် အလှည့်ကျတာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

ASEAN-OSHNET လုပ်ငန်းကဏ္ဍများ

အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် တည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအရ အာဆီယံနိုင်ငံများရှိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များနှင့် သက်ဆိုင်သည့်သတင်းအချက်အလက် ဖလှယ်ရေးကဏ္ဍ၊ လေ့ကျင့်ပညာပေးရေးကဏ္ဍ၊ သုတေသနပြုရေးကဏ္ဍ၊ စံနှုန်းများသတ်မှတ်ရေး ကဏ္ဍနှင့်စက်ရုံ၊ အလုပ်ရုံ စစ်ဆေးရေးကဏ္ဍ၊ အမျိုးသားအဆင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာမူဘောင် ကဏ္ဍ၊အသေးစား၊ အလတ်စားနှင့်သမားရိုးကျမဟုတ်သည့် လုပ်ငန်းကဏ္ဍဟူ၍ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းများကို အဖွဲ့ဝင်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ လူ့စွမ်းအား၊ ငွေကြေးအင်အားနှင့် နည်းပညာဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး နိုင်ငံအလိုက် တာဝန်ယူဆောင်ရွက်မည့် ငါးနှစ်လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်းဆုံးဖြတ်ကြပါ သည်။ ASEAN-OSHNET ၏ လုပ်ငန်းဆောင်ရွက် ချက်များကို https://asean-osh.net တွင် လေ့လာနိုင်ပါသည်။

ASEAN-OSHNET ညီလာခံ

ASEAN-OSHNET အနေဖြင့်အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းဆွေးနွေးဖလှယ်ခြင်းသာမက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားအဖွဲ့အစည်းများနှင့် အတွေ့အကြုံများကို မျှဝေနိုင်ရန်အတွက် ၂၀၁၅ ခုနှစ်မှစ၍ ASEAN-OSHNET ညီလာခံကိုကျင်းပခဲ့ကြသည်။ ထိုညီလာခံတွင် ASEAN-OSHNET အဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံတကာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဆုရရှိသည့် ကုမ္ပဏီများတက်ရောက်ကြပြီး တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များ၊ စီးပွားရေးလုပ်ငန်းများပေါ်မူတည်၍ ကျင့်သုံးဆောင်ရွက်နေသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေး ဖလှယ်ကြပါသည်။

ASEAN-OSHNET အဖွဲ့တွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ချက်များ

မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၀၀ ပြည့်နှစ် သြဂုတ်လတွင် ASEAN-OSHNET ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ ASEAN - OSHNET ၏ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများရှိ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဦးစီးဌာနနှင့် အဖွဲ့များကတာဝန်ယူဆောင်ရွက် လျက်ရှိသကဲ့သို့ အလုပ်သမားဝန်ကြီးဌာနအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ASEAN-OSHNET ၏ လုပ်ငန်းအစီအစဉ်များအား တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ASEAN-OSHNET ၏ လုပ်ငန်းအစီအစဉ်များတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် အကြံပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ASEAN – OSHNET အဖွဲ့ဝင်နိုင်ငံများက သုံးနှစ်လျှင်တစ်ကြိမ် အလှည့်ကျထမ်းဆောင်ရသည့် ASEAN - OSHNET အတွင်းရေးမှူးချုပ်ရုံးတာဝန်များကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်တွင် စင်ကာပူနိုင်ငံ လူ့စွမ်းအားရင်းမြစ် ဝန်ကြီးဌာနထံမှ လက်ခံရယူခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ ပါသည်။ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံး တာဝန်ကို ၂၀၂၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ASEAN - OSHNET ညှိနှိုင်းရေးမှူးအဖွဲ့အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ်အလှည့်ကျတာဝန်ယူကျင်းပ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် သတ္တမအကြိမ်မြောက် ASEAN - OSHNET ညှိနှိုင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ၂၀၀၆ ခုနှစ်တွင် လည်းကောင်း၊ (၁၄) ကြိမ်မြောက် ASEAN - OSHNET ညှိနှိုင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပါသည်။ ထို့ပြင် ကိုဗစ် − ၁၉ ကပ်ရောဂါဖြစ်ပွားနေမှု အခြေအနေများကြောင့် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ဦးဆောင် ကျင်းပရမည့် (၂၃) ကြိမ်မြောက် ASEAN - OSHNET ညှိနှိုင်းရေးမှူးအဖွဲ့ အစည်းအဝေး၊ (၉) ကြိမ်မြောက် ASEAN-OSHNET ညီလာခံနှင့် (၄) ကြိမ်မြောက် ASEAN - OSHNET ဆုချီးမြှင့်ပွဲ အခမ်းအနားတို့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် Virtual နည်းလမ်းဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ASEAN-OSHNET ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက် ရှိပြီး ASEAN-OSHNET ၏ လုပ်ငန်းအစီအစဉ်များအရ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးလျက် ရှိပါသည်။

ASEAN - OSHNET တွင် ပါဝင်ဆောင်ရွက်၍ အာဆီယံနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အတွေ့အကြုံများအားလေ့လာပြီး မိမိနိုင်ငံနှင့်ကိုက်ညီသည့် အလေ့အကျင့်ကောင်း များကို အသုံးချ၍ မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ။