အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း သြစတြေးလျကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေကောင်း

ဧပြီ ၅၊ ၂၀၂၂

၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပိယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၅ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာဖူဆယ်အသင်းက သြစတြေးလျကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားသည်။

မြန်မာအသင်းသည် ဒုတိယပွဲတွင် သြစတြေးလျနှင့်တွေ့ဆုံပြီး ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အရေးပါသည့်ပွဲတွင် အနိုင်သုံးမှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင်လည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး သြစတြေးလျကို ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၄၊ ၃၂ မိနစ်တွင် သိုင်းဘွဲ့အောင်၊ ၁၆၊ ၂၅ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၂၄ မိနစ်တွင် ဟိန်းမင်းစိုးတို့က သွင်းယူပြီး ကျန်တစ်ဂိုးမှာမူ ၂၇ မိနစ်တွင် သြစတြေးလျအသင်းမှ ကိုယ့်ဂိုးကိုယ်ယူမိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန်အတွက် အရေးပါသည့် ဗီယက်နမ်၊ သြစတြေးလျတို့နှင့်ပွဲများတွင် လေးမှတ်အထိ ရယူနိုင်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အလားအလာ ကောင်းသွားပြီဖြစ်သည်။ အုပ်စု (ခ) အခြားပွဲတွင် ဗီယက်နမ်က တီမောကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အုပ်စု (ခ) တွင် မြန်မာနှင့် ဗီယက်နမ်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ လေးမှတ်စီ၊ သြစတြေးလျက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ သုံးမှတ်ရရှိထားပြီး တီမောအသင်းမှာမူ နှစ်ပွဲစလုံး ရှုံးကာ အမှတ်မရသေးပေ။ အုပ်စု (ခ) နောက်ဆုံးနေ့အဖြစ် ဧပြီ ၆ ရက် (ယနေ့) မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဗီယက်နမ်နှင့် သြစတြေးလျ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားည်ဖြစ်သည်။ မြန်မာအသင်းသည် နောက်ဆုံးပွဲတွင် အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်တက်ရောက်မည်ဖြစ်ပြီး ဂိုးပြတ်အနိုင်ရပါက အုပ်စုပထမနေရာကိုပင် ရယူနိုင်ဖွယ်ရှိနေသည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF