ပရီမီယာလိဂ်ပွဲစဉ်(၂၆)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရန်းဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၆၁ မိနစ်မှာ နာမည်ကြီး အာဆင်နယ်အသင်းက မာဒူကီရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ပွဲကစားချိန် ၇၁ မိနစ်မှာ လီဝစ်ပေါ်တာရဲ့ သွင်းဂိုးပြန်လည်ခွင့်ပြုပေးလိုက်ရတာကြောင့် ဘရန်းဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီလို သရေရလဒ်ထွက်ပေါ်ခဲ့လို့ တစ်မှတ်စီခွဲယူခဲ့ရတာ‌ကြောင့် ဇယားထိပ်မှာ ခြောက်မှတ်ဖြတ် ဦးဆောင်နိုင်မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရပေမယ့် ယခုဘောလုံးရာသီမှာ ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ရေပန်းစားနေတဲ့ အာဆင်နယ်အသင်းကတော့ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေဆဲပဲ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းအနေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဝုလ်ဗာဟမ်တန်အသင်းကို အနိုင်ရရှိခဲ့ရင် မန်စီးတီးအသင်းကို ခုနှစ်မှတ်ဖြတ်ကာ ပြန်လည်ဦးဆောင်နိုင်မှာဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက ဝေးကွာနေတဲ့ ပရီမီယာလိဂ်ဖလားကို ပထမဆုံး ဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့ ပိုမိုနီးစပ်လာတော့မှာဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းဟာ ယခုဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲ ကန်ရဖို့ရှိသလို ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာလည်း ထိပ်ဆုံးကဦးဆောင်နေတဲ့အပြင် အက်ဖ်အေဖလားလည်း ကန်ရဖို့ရှိနေသေးတာကြောင့် ဖလားလေးလုံး လမ်းကြောင်းပေါ်မှာပဲ ရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

 

ငွေကြယ်