ပရီမီယာလိဂ်ပွဲစဉ်(၃၇) ရဲ့  ဥရောပ ပြိုင်ပွဲဝင်ခွင့်နဲ့ ပရီမီယာလိဂ်ချန်ပီယံဖြစ်ခွင့် အခွင့်အရေးတွေအတွက်  မေ  ၂၀  ရက်  နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ  ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ပွဲစဉ်မှာ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရတဲ့  ဘုန်းမောက်အသင်းက ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်မှာ ကရူပီရဲ့  သွင်းဂိုးနဲ့  ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဧည့်သည်အဖြစ်  လာရောက်ကစားခဲ့တဲ့ မန်စီးတီးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ငါးမိနစ်မှာ တိုက်စစ်မှူးဟာလန်းက သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ ရမှတ် ၇၈ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး   အမှတ်ပေးဇယားထိပ်မှာ  ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက ရမှတ် ၈၂ မှတ်ရရှိထားတာဖြစ်လို့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပရီမီယာလိဂ်ဖလားကို လက်ကျန်တစ်ပွဲအလိုမှာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မတိုင်မီ ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ယခုဘောလုံးရာသီမှာ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားအပါအဝင် ပရီမီယာလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပေမယ့် ပြည်တွင်းဖလားနှစ်လုံးကိုသာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယခုလို ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်းနဲ့ နည်းပြအာတီတာ လက်ထက် ပထမဆုံးအကြိမ်ပရီမီယာလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်