အာဆင်နယ်နဲ့ ချယ်လ်ဆီး နောက်တန်းကစားသမားဟောင်းအက်ရှ်လေကိုးလ် ကစားသမားဘဝမှ အနားယူလိုက်ပြီ

၂၀  သြဂုတ်

အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နောက်တန်းကစားသမား အက်ရှ်လေကိုးလ်ဟာ ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ အက်ရှ်လေ ကိုးလ်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကုန်မှာ ဒါဘီကောင်တီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာ ကစားသမားဘဝမှ အနားယူကာ နည်းပြဘဝကို ပြောင်းလဲဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အက်ရှ်လေကိုးလ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို ၁၉၉၉ ခုနှစ်က အာဆင်နယ် အသင်းနဲ့အတူ စတင်ခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့အသင်းတွင်လည်း အငှားသွားရောက်ကစားခဲ့ကာ ချယ်လ်ဆီးအသင်း၊ ရိုးမားအသင်း၊ အယ်လ်အေဂလက်ဆီအသင်း၊ ဒါဘီကောင်တီအသင်းတို့မှာ အမြဲတမ်းစာချုပ်နဲ့ ကစားခဲ့ဖူးတာဖြစ်ပါတယ်။

နောက်တန်းကစားသမား အက်ရှ်လေကိုးလ်ဟာ အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာ ပွဲစဉ် ၁၀၇ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ကစားသမားဘဝမှာ အက်ဖ်အေဖလားကို ခုနစ်ကြိမ်အထိ ရယူနိုင်ခဲ့တဲ့အတွက် အက်ဖ်အေဖလားပြိုင်ပွဲမှာ အောင်မြင်မှုအရှိဆုံးလည်း ဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်ဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီမီယာလိဂ်ဖလားနှစ်ကြိမ်၊ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလားတစ်ကြိ်မ်တို့ကို ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တဲ့အပြင် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်ဟာ ဒါဘီကောင်တီအသင်းမှာ ကစားစဉ်က ချယ်လ်ဆီးကစားဖော် ဟောင်းဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ ကစားခဲ့ရတာဖြစ်ပြီး ဒါဘီကောင်တီအသင်း ပရီမီယာလိဂ်တက်လှမ်းရေးအတွက် ခြေကုန်ထုတ်ကစားပေးခဲ့ပေမယ့် အက်စ်တွန်ဗီလာအသင်းကိုရှုံးခဲ့လို့ ဒါဘီကောင်တီအသင်းမှာ ချန်ပီယံရှစ်မှာပဲ ကျန်ခဲ့ရတာဖြစ်ပါတယ်။

ငွေကြယ်