အာဂျင်တီးနားနိုင်ငံ၌ ၁၄ ထပ်အဆောက်အဦ မီးလောင်မှုကြောင့် တစ်ဦးသေဆုံး၊ ၄၂ ဦးထက်မနည်း ဒဏ်ရာရ

ဒီဇင်ဘာ ၁၄

အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော်ရှိ ၁၄ ထပ် အဆောက်အဦ၏ အထပ်နှစ်ထပ်လုံးမီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြား ၄၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

အဆိုပါမီးလောင်မှုသည် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအနက် ၃၅ ဦးကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ထိုအဆောက်အဦသည်  Alem ရိပ်သာလမ်းတွင်တည်ရှိပြီး ယင်းအဆောက်အဦ၏ ခြောက်ထပ်နှင့် ခုနစ်ထပ်မြောက်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေဆဲဖြစ်သည်။

၎င်းအဆောက်အဦ၏အောက်ထပ်ရှိသူများသည် ဘေးကင်းရာသို့ထွက်ပြေးသွားကြပြီး မီးသတ်သမားများနှင့် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့များက အပေါ်ထပ်များရှိလူများအား ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို