အာဂျင်တီးနားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှု စံချိန်တင်

မေ ၁၉

အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၃၅၅၄၃ ဦးနှင့် ထိုရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၇၄၅ ဦး ရှိသည်ဟု ယမန်နေ့က ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၇၁၅၀၈ ဦးရှိပြီး သေဆုံးသူ ၇၁၇၇၁ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာလကုန်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၀၃၄၄၁၁၁ ဦး ရှိသည်ဟု အများပြည်သူ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးစောင့်ကြည့်မှုမှ သတင်းအချက်အလက်အရ သိရှိရသည်။

 

အာဂျင်တီးနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က  ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ်ပြန်ထားမှုကို မူလက မေ ၂၁ ရက်တွင် ရုပ်သိမ်းရန် သတ်မှတ်ထားခဲ့သော်လည်း ထိုအမိန့်သက်တမ်း တိုးမြှင့်သွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

 

မိမိအနေဖြင့် တချို့သော အသွားအလာ ကန့်သတ်ထားမှုကို မလိုလားသော်လည်း ရောဂါကူးစက်မှုကို ဖြေရှင်းရန် တခြားနည်းလမ်းမရှိဟူသော ဖာနန်ဒက်ဇ်၏ပြောကြားချက်ကို တီလမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို