အာဂွန်မီးတောင်အနီးရှိ အန္တရာယ်ဇုန် ကန့်သတ်ဧရိယာ လျှော့ချ

ဂျာကာတာ ၄ ဇန်နဝါရီ

အပန်းဖြေသူ အများအပြားလာရောက်လေ့ရှိရာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အာဂွန်မီးတောင် လှုပ်ရှားမှုတွေ အတော်အတန် ငြိမ်သက်သွားပြီဖြစ်တာကြောင့် အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထားတဲ့ ကန့်သတ်ဧရိယာကို  လျှော့ချလိုက်ပြီဖြစ်ပါတယ်။

မီတာ ၃၀ဝ၀ ခန့်မြင့်တဲ့ အာဂွန်မီးတောင်ဟာ လှုပ်ရှားအချက်ပြမှု အနည်းငယ် ကျန်ရှိနေသေးပေမယ့် အာဏာပိုင်တွေက မူလသတ်မှတ်ထားတဲ့ တစ်ဆယ်ကီလိုမီတာပတ်လည်ကနေ ခြောက်ကီလိုမီတာ ပတ်လည်အထိ လျှော့ချခဲ့တာဖြစ်ပါတယ်။ 

အာဂွန်မီးတောင်ဟာ လှုပ်ရှားမှုတွေကျန်နေသေးတာကြောင့် အနီးအနားက နေထိုင်သူတွေကို သက်ရောက်မှုတွေ ရှိနိုင်သေးတာကြောင့် ယခုလို ၆ ကီလိုမီတာ ပတ်လည်ကို ဆက်လက် ကန့်သတ်ထားတာဖြစ်ကြောင်း သိရပါတယ်။ 

နိုဝင်ဘာလအတွင်း မီးတောင်လှုပ်ရှားမှုအမြင့်ဆုံးထိ ရောက်ရှိခဲ့ပြီး ဘာလီလေဆိပ်ကို ၃ ရက်ကြာပိတ်ခဲ့ရတာကြောင့် အပန်းဖြေလာရောက်သူ နိုင်ငံခြားဧည့်သည်တွေ ပြန်လည်ထွက်ခွာခဲ့ရပြီး နှစ်ကုန်ပိုင်း အားလပ်ရက်ခရီးစဉ်တွေ ပျက်ပြယ်ခဲ့ရပါတယ်။

ဘာသာပြန် > မိုးမမ
ကိုးကား > ရိုက်တာ