အာဇာနည်ဟူသောဂုဏ်ဒြပ်များဖြင့်  အာဇာနည်များဖြစ်စေချင်

ဒေါက်တာမြတ်မိုး

နှစ်စဉ် နှစ်စဉ် မမေ့နိုင်ဖွယ်ရာ ၁၉ ဇူလိုင်ဝန်းကျင်မှာ  အာဇာနည်တို့၏ ဂုဏ်ဒြပ်များကို အမှတ်တရတမ်းတဖော်ထုတ်ဖြစ်ပါသည်။  နိုင်ငံ့အာဇာနည်များကို လေးစားသမှုဖြင့်  ဂါရဝပြုမြဲဖြစ်သည်။ သူတို့၏အာဇာနည်ပီသမှုအတွက် ဂုဏ်ယူစရာ  အစဉ်အောက်မေ့သတိရပါသည်။ သို့သော် ဂုဏ်ယူနေရုံမျှ၊ သတိရနေရုံမျှ၊ လေးစား နေရုံမျှဖြင့်မပြီးသေးပါ၊၊ ယနေ့ခေတ်အခါ အာဇာနည် ဆိုသည့်ဂုဏ်ပုဒ်များစွာအနက်  မိမိတို့ကျရာကဏ္ဍအလိုက် လက်ဆင့်ကမ်းလိုက်နာ ကျင့်သုံးသင့်သည့်  ဖြည့်ဆည်းနိုင်မည့် ကွက်လပ်လိုအပ်ချက်များစွာကို လေ့လာအကဲခတ်မိ၍ဖြစ်ပါသည်။

အာဇာနည်ဟူသောအဓိပ္ပာယ်တွင်

ယနေ့အခြေအနေများတွင် အများအတွက် လုပ်မည်ဆိုသည့် ခံယူချက်မျိုးများ လျော့ပါးလာ၍ မဖြစ်၊ ခက်ခဲသောအခြေအနေများတွင်  ရင်ဆိုင်ရုန်းထနိုင်မည့် ယုံကြည်ချက်မျိုးရှင်သန်နေရန် လိုအပ်နေသည်။  သူရဲကောင်းဆန်မှုဆိုသည်ကို နေရာလွဲသတ်မှတ်ချင်၍မရ၊  မှန်ကန်သောအမှတ် တံဆိပ်ဖြင့်သူ့နေရာနှင့်သူရှိသင့်သည်။ ခေါင်းဆောင်မှုတွင်လည်း ထို့အတူပင်၊ မှန်ကန်သောခေါင်းဆောင်မှုဖြင့် မိမိခေါင်းဆောင်မှုက အများအတွက် အကျိုးရှိရမည်၊  မိမိခေါင်းဆောင်မှုကြောင့်  တစ်နိုင်ငံလုံး၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးအကျိုးရှိရမည်ဟူသော ယုံကြည်ချက်မျိုးဖြင့် အနစ်နာခံမှုရှိမှသာ ခေါင်းဆောင်ပီသပါသည်။ အများအတွက် ဆိုလျှင် မိမိကိုယ်ကျိုးအတ္တမရှိ၊ အသက်ပင် ပေးရ ပေးရ  ပေးဆပ်ဆောင်ရွက်မည်ဆိုမှသာလျှင် မြင့်မြတ်သူတို့၏ နှလုံးသားမျိုးနှင့် ထိုက်တန်ပေလိမ့်မည်။ နိုင်ငံနှင့်လူမျိုးအတွက် ပေးဆပ်နေသူအများစုတွင် လက်ရုံးရည်သာမက နှလုံးရည်ပါ ပိုင်ဆိုင်လေ့ ရှိကြသည်။ နိုင်ငံအတွက် မိမိအသက်ခန္ဓာအစိတ်အပိုင်း စွန့်လွှတ်လိုက်ရသူများကို တန်ဖိုးရှိရှိပေးဆပ် သူများအဖြစ်  ရာဇဝင်တွင်ခံရသူများစွာ  ရှိဖူးပါသည်၊၊ သူတို့တွေသည် မည်သည့်အတွက်ကြောင့် ဤရွေ့ဤမျှ အဖိုးထိုက်တန်သောမိမိအသက်ခန္ဓာကို အများအတွက်  ပဓာနမထား စွန့်လွှတ်စွန့်စား စွန့်ဝံ့နေကြသနည်း...။

 အမှန်တရားအပေါ်တွင် သစ္စာရှိသူသည်သာ အာဇာနည်

အမှန်ကိုအမှန်အတိုင်း၊  အမှားကိုအမှားအတိုင်း မြင်၍ဖြစ်သည်။  အမှန်လုပ်ရမှာ  ဘယ်တော့မှ မကြောက်၊  အမှားလုပ်ရမှာ တွန့်ဆုတ်သူများဖြစ်၍ ဟုယူဆပါသည်။ အမှန်တရားကို တန်ဖိုးထားသူများ ဖြစ်ကြသကဲ့သို့ အမှားအမှန်၊ အကောင်းအဆိုးကို ချင့်ချိန်သုံးသပ် တွက်ဆနိုင်သူများဖြစ်ကြသည်။ အမှန်တရားကိုလေးစားပြီး ဤအမှန်တရားက အများအတွက်အကျိုးရှိသည်ဟု  ယုံကြည်ချက် ကြောင့် အမှန်လုပ်ရသည်ကို ဘယ်တော့မှမကြောက်၊ နောက်မဆုတ်၊ မိမိအတွက်၊ မိမိမိသားစုအတွက်ပင် ဦးစားပေးလေ့မရှိ၊ အများအကျိုးကိုသာ  အစဉ် ဦးထိပ်ထားသူများသည် များသောအားဖြင့် အမှန်တရားဘက်ကသာ ရပ်တည်သူများဖြစ်ကြသည်၊၊ ဤတွင် ခေါင်းဆောင်လုပ်မည့်သူ အနေဖြင့်ကော၊  အမှန်တရားဘက်က ရပ်တည်မည့်သူအနေဖြင့် ကော  ဘယ်အရာကအမှန်၊  ဘယ်အရာကတော့ အမှားဖြစ်သည်ကို အမှားနှင့် အမှန် ခွဲခြားသိရန်၊ ခွဲခြားတတ်ရန် လိုလာပြန်သည်။

အချို့က  အမှားကို အမှန်၊ အမှန်ကို အမှား လွဲမှားမြင်တတ်ကြ၍ဖြစ်သည်။  အကြောင်းကား အယူမှားမိ၍ဖြစ်သည်၊၊ တရားသဘောအရတော့ မိစ္ဆာဒိဋ္ဌိဖြစ်သည်။ အယူမှား၊  အမြင်မှားတော့ အတွေးမှား၊  အလုပ်ပါမှားကုန်သည်။ အမှားနှင့် အမှန်ကို ခွဲခြားမသိတော့ ဘယ်သူ၊ ဘယ်အပေါ်မှာ သစ္စာထားရမှန်းမသိ၊ သစ္စာရှိမှုနယ်ပယ်မှာပါ အမှားတွေဖြစ်ကုန်သည်။ အများအတွက် သစ္စာရှိရမှာလား၊ နိုင်ငံနှင့်ပြည်သူအတွက်လား၊  တစ်ဦးတစ်ယောက် အဖွဲ့တစ်ဖွဲ့အတွက်လား တွေဝေမှုနောက်မှာ အမှားကြီး  မှားကုန်သည်။ နိုင်ငံနှင့်ပြည်သူအများစုကြီး၏ မှန်ကန်သောအကျိုးစီးပွားအတွက် ပညာရှိဆန်စွာ ရပ်တည်ပြီး သစ္စာထားမြှုပ်နှံထားသူသည်သာ အာဇာနည်ဟုခေါ်ဆိုထိုက်ပါသည်။

ပညာရှင်ပီသသည့် အာဇာနည်

အထက်တွင် အာဇာနည်တစ်ဦးအနေဖြင့် ပညာရှိဆန်စွာ ဟူသောစကားလုံးကို သုံးစွဲခဲ့ပါ သည်။ အမှားကို အမှားအတိုင်းသိကာ  ရှောင်ရှားပြီး အမှန်ကိုအမှန်အတိုင်း  ထိုးထွင်းသိပြီးမှ အမှန်ကို လုပ်ဆောင်ရဲခြင်းသည်ပင် ပညာရှင်ဆန်နေပါသည်။ ထိုးထွင်းသိမှသာ  အမှန်ဆိုသောသဘောတရားကို ရရှိ၍ဖြစ်ပါသည်။ ထိုးထွင်းသိမြင်ရန်အတွက်မူ စာပေများများဖတ်ရှုရမည်၊ ဗဟုသုတအကြားအမြင် များစွာရှိရမည်။  ရရှိပြီးသုတအသိများကို လက်တွေ့နယ်ပယ်တွင် အကောင်းဆုံးအသုံးချ၊ ထိထိရောက်ရောက်အသုံးပြု၍ အကောင်းဆုံးသော လက်တွေ့နယ်ပယ်တွင်  ဖြစ်နေသည့်အခြေအနေမှာ အချိန်ကိုက်အသုံးချ၍ မှန်ကန်သောအတွေ့အကြုံ များစွာကို  ရယူနိုင်စွမ်းရှိရပါမည်။  စာဖတ်ခြင်းက အသိသုတကိုရ၍ အသိကို လက်တွေ့နှင့်ပေါင်းတော့ ပညာဖြစ်ပါပြီ။ အသိကို လက်တွေ့အသုံးချဖန်များ တော့  အမှားလည်း ထပ်ခါထပ်ခါတွေ့ရတတ်သလို အမှန်ကိုလည်းတွေ့ရမည်၊၊ သို့သော် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်လေ့လာသုံးသပ်ဖန်များသည့်အခါ  အမှား ကို ပယ်မိသွားသည်၊ အမှန်ကိုယူဖြစ်သွားသည်။ အမှား၏ဆိုးကျိုး  အမှန်တရား၏ကောင်းကျိုးဟူ၍ ကွဲပြားသွားသည်။ အမှန်တရား၏ရလဒ်ကို ထပ်ဆင့်သက်သေခံသည်က ပြည်သူဖြစ်သလို  ထိုအမှန်တရား၏အကျိုးကို လက်တွေ့ခံစားရသူမှာလည်း  ပြည်သူများပင် ဖြစ်သင့်သည်ဆိုသည်မှာ အာဇာနည်တို့၏ ခံယူချက်ဖြစ်သည်။

ယနေ့ထိတိုင်မှန်ကန်နေသည့် ဗိုလ်ချုပ်တို့အရယူပေးခဲ့သည့် လွတ်လပ်ခြင်း
ကျွန်တော်တို့အားလုံး၏  ခေါင်းဆောင် အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းသည်ကား အမှန် တရား၏ရလဒ်တစ်ခုကို အသက်စွန့်၍ ရယူပေးခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်တို့ရယူ‌ပေးခဲ့သော လွတ်လပ်ရေးကို ယနေ့ထိတိုင် ပြည်သူတစ်ရပ်လုံး ရရှိခံစားနေကြသည်။ နှစ်ပေါင်းရာ‌ကျော် ကိုလိုနီကျွန်အပြုခံပြီးမှ ဆုံးရှုံးနေသောလွတ်လပ်ရေးကို  နယ်ချဲ့တို့လက်မှ လွယ်လွယ်ကူကူရရှိခဲ့ခြင်းတော့မဟုတ်၊ အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်တို့အာဇာနည်များအပါအဝင်  ပြည်သူများ၊ တိုင်းရင်းသားများ များစွာအသက်ပေးခဲ့ကြရသည်။ ကိုလိုနီလက်အောက်မှာ မနေလို၊  မိမိ အချုပ်အခြာ၊ မိမိအာဏာ၊ မိမိနယ်နိမိတ်ကိုပြန်လည် ရယူခြင်း၊  နှစ်ပေါင်းရာချီ  မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊  ဘာသာ၊ စာပေဟူ၍ ရှိပြီးဖြစ်၍ ကိုယ့်သမိုင်း၊  ကိုယ့်ယဉ်ကျေးမှု၊  ကိုယ့်ဘာသာစာပေကို ပြန်လည်ရယူခြင်း၊ ရယူရာတွင်လည်း တစ်နိုင်ငံလုံး စည်းလုံးညီညွတ်မှုအင်အားဖြင့် ရယူခဲ့ရခြင်းများသည် မြန်မာလူမျိုး၊  မြန်မာတိုင်းရင်းသားတို့အတွက်မူ အမှန်တရားဖြစ်သည်။ ဗိုလ်ချုပ်တို့ချမှတ်နိုင်ခဲ့သော လွတ်လပ်ရေးအတွက်  အမှန်တရားတစ်ခုသည် ယနေ့ထိတိုင် မှန်ကန်နေ၍ဖြစ်သည်။  မြန်မာ တစ်နိုင်ငံတည်းသာမဟုတ်၊  ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးလက်အောက်ခံ ကိုလိုနီအပြုခံနိုင်ငံအားလုံးက နယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်လိုကြခြင်းသည်ပင် ကမ္ဘာကြီးအတွက် အမှန်တရားတစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလား...၊၊

အနာဂတ်မျိုးဆက်များအတွက် လိုအပ်နေသောကွက်လပ်များ

အာဇာနည်ဆိုထိုက်သည့် ဗိုလ်ချုပ်တို့လို ခေါင်းဆောင်ကြီးများကဲ့သို့ပင်  နယ်ချဲ့တို့ လက်အောက်ကျရောက်ပြီးမှ လွတ်လပ်ရေးအတွက် သားစဉ်မြေးဆက်အသက်စွန့်ခဲ့ကြသူများ၊ အချုပ်အခြာမြဲမှုဟူသော အမှန်တရားတစ်ခုအတွက် ရရှိပြီးလွတ်လပ်ရေးကို  ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေသူများအနက်  အချို့ စွန့်လွှတ်စွန့်စား အသက်ပေးခဲ့ကြသူများသည်လည်း အာဇာနည်ဟူသောဂုဏ်ပုဒ်နှင့် ထိုက်တန်သူ များဖြစ်ပါမည်။ တကယ်တော့ သူတို့သည်လည်း အာဇာနည်ဗိုလ်ချုပ်တို့၏ မျိုးဆက်သွေးများပင် ဖြစ်သည်၊၊သို့သော် ယနေ့ခေတ်အခါမှာ သူတို့လို ဗိုလ်ချုပ်တို့လို အမှားကိုမလိုလား၊ အမှန်ကိုမြင်နိုင် စွမ်းသူအရေအတွက်သည်  ယခုထက်  ပိုမိုတိုးပွား လာသင့်သည်ဟုမြင်မိသည်။ အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်များအဖြစ် တင်စားရမည့် လူငယ်လူရွယ်များကို  ပစ်မှတ်ထားတောင်းဆိုချင်သည်။  အကောင်းအဆိုးချင့်ချိန်၍  အကြောင်း ကြောင့်ဖြစ်သော  အကျိုးတရားများဆိုသည်ကို မြင်အောင်ကြည့်တတ်ရပေမည်၊၊ နိုင်ငံ၏အကျိုး စီးပွားသည် မိမိတစ်ဦးချင်း၏  အကျိုးစီးပွားနှင့် ဆက်စပ်နေသည်ကို မြင်အောင်ကြည့်၍ အတ္တနှင့် ပရကို မျှတညီညွတ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိရပါမည်။  အနာခံမှ အသာစံရမည်၊  လူငယ်ဘဝမှာ မှန်ကန်မြင့်မြတ်သော ရည်ရွယ်ချက်များအတွက် မှန်ကန်စွာကြိုးစားအားထုတ်ရမည်၊  ဝီရိယ၊ ဇွဲ၊ လုံ့လရှိရမည်။  မိမိနှင့်  မိမိမိသားစုအတွက်ကော အများအတွက်  ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ စဉ်းစားတွေးတော လုပ်ကိုင်တတ်ရမည်၊၊ အများအတွက် စဉ်းစားခြင်းသည်ပင် အပြန်အလှန်အားဖြင့် ကျွန်းကိုင်းမှီ၊  ကိုင်းကျွန်းမှီ  ကိုယ့်အတွက်ပါ ဖြည့်ဆည်းရာရောက်သည်ကို  အသိအမှတ်ပြုရပါမည်။

အမြော်အမြင်ရှိတတ်မှုနှင့် ရိုးဖြောင့်ဂုဏ်

ဗိုလ်ချုပ်တွင်  လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည်သာ တတိယဟူ၍ ခိုင်မာတိကျ  မယိမ်းယိုင်သော ပန်းတိုင်ရှိခဲ့သည်၊၊  ဉာဏ်မျက်စိဖြင့် အနီးဆုံးရန်သူကို မြင်အောင်ကြည့်တတ်သလို ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍သဘောမထား၊ ပြည်သူအတွက် အရာရာနှိမ့်ချ၍ လွတ်လပ်ရေးကိုမျက်ခြည်မပြတ်ခဲ့ပေ။ လွတ်လပ်ရေးအတွက် တောင်ပေါ်မြေပြန့် အနှံ့ချီ၍ တိုင်းရင်းသားလူမျိုးစုများကို စည်းရုံးနိုင် ခြင်း၊ ဤသို့သော စည်းလုံးမှုအင်အားကို နယ်ချဲ့တို့ အား ပြသ၍ လွတ်လပ်ရေးကို  အရယူနိုင်ခြင်း တို့သည်ပင် ဗိုလ်ချုပ်၏ အမြော်အမြင်ရှိမှုနှင့် ပညာရှိမှုကို ပြသနေသည်။ တစ်ဖက်ကလည်း ဗိုလ်ချုပ်၏ရိုးဖြောင့်မှု အရင်းခံဂုဏ်ပုဒ်ကို ချန်လှပ် ထား၍မရ။  ဤသည်ပင်  အားလုံးအတွက် အောင်မြင်မှုအစုစု၏ အခြေခံသော့ချက်တစ်ခုအဖြစ် မြင်စေချင်သည်။ အမှန်ကိုအမှန်အတိုင်းသိ၍ အမှန်အတိုင်းလုပ်ခြင်း၊  အမှားကိုမကောင်းမှန်းသိ၍
အမှားမလုပ်ခြင်းသည်ပင်  ရိုးသားမှုဖြစ်သည် ဆိုသောဂုဏ်၊  ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းကို တိတိကျကျလိုက်နာတတ်ခြင်းတည်း  ဟူသော ဖြောင့်မတ်မှု၊ ဤဂုဏ်ပုဒ်များသည်ပင် ယနေ့ခေတ် မျိုးဆက်အသစ်အသစ်များအတွက် ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်ရပါမည်။

မျိုးဆက်သစ်တို့အတုယူစရာ စာပေနှင့်မကင်းကွာသော အာဇာနည်
လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်သည်  နိုင်ငံ့ခေါင်းဆောင်ဘဝဖြင့် သေဆုံးချိန်တွင်  အသက် (၃၂) နှစ်သာရှိသေးပြီး အလွန်ငယ်ရွယ်လွန်းစဉ်မှာပင် ကျောင်းသားခေါင်းဆောင်၊ သခင်နိုင်ငံရေး ခေါင်းဆောင်၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ရဲဘော်သုံးကျိပ်၊ ဗမာ့လွတ်လပ်ရေး၊ ကာကွယ်ရေးတပ်မတော်၊ တော်လှန်ရေး၊ စစ်‌ရေးမျိုးချစ်ခေါင်းဆောင်၊ နိုင်ငံဝန်ကြီးတာဝန်များဖြင့် ခေတ်အဆက်ဆက်  မော်ကွန်းထိုးနိုင်ခဲ့ပြီး ကျောင်းသား၊ နိုင်ငံရေး၊ တပ်မတော်ကဏ္ဍအားလုံးမှာ  ပါဝင်ခဲ့သည့်  ထူးခြားပြောင်မြောက်သည့် ခေါင်းဆောင်မျိုးဖြစ်သည်။

 ခက်ခဲပင်ပန်းကြမ်းတမ်းသော ဘဝမျိုးစုံကို ဖြတ်ကျော်ခဲ့ရပြီး  လွတ်လပ်ရေးမရခင်ကလည်း လွတ်လပ်ရေးအတွက်၊ လွတ်လပ်ရေးရပြီးပါကလည်း  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်  ပုံဖော်မည့်လမ်းကြောင်းအထိ  မြော်တွေးစဉ်းစားထားသူဖြစ်သည်။ အတွေးမှန်၊ ဆုံးဖြတ်ချက်မှန်၊  အလုပ်မှန်ပြီး  ဤမျှ အများ၏ အားကိုးယုံကြည်မှုကို ရရှိခြင်း၊ ကြည်ညိုလေးစားမှု ကို ရရှိခြင်း၊ တစ်မျိုးသားလုံးကို ဦးဆောင်မှုပေး၍  လိုချင်သောရည်မှန်းချက်ကို ရရှိအောင်မြင်ခြင်းများမှာ အဘယ်အကြောင်းအရာက  အရင်းခံပါသနည်း...။

စာဖတ်လွန်းခြင်း၊ လေ့လာမှုအားကြီးခြင်း၊ ကျောင်းသားဘဝမှ နိုင်ငံရေးခေါင်းဆောင်ဘဝတိုင် စာပေနှင့်မကင်းကွာခြင်း၊ စာရေးသားခြင်း၊ အင်္ဂလိပ် စာနှင့်စကားကိုကျွမ်းကျင်ပြီး အင်္ဂလိပ်လိုရေးသားထားသောစာပေများကို ဖတ်ရှုဘာသာပြန်နိုင်ခြင်း၊ ကိုယ်တိုင်လည်း‌ရေးသားနိုင်သဖြင့် ပြင်ပကမ္ဘာကြီး အကြောင်းကို ပိုသိပိုနားလည်ပြီး အရာရာကို စေ့စပ်သေချာစွာ နှိုင်းချိန်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ လှုံ့ဆော်မှုပေးနိုင်ခြင်း၊  စည်းရုံးနိုင်ခြင်း၊  ပေါင်းစပ် ညှိနှိုင်းမှုပေးနိုင်ခြင်း  စသည့်စာဖတ်ခြင်းကြောင့် ရရှိလာသည့်အရည်အသွေးများက အရင်းခံပင်ဖြစ် သည်ဟု လေ့လာအကဲခတ်မိပါသည်။ စာဖတ်သည့် ခေါင်းဆောင်သည် အခြေခံသဘောတရားကို ပိုင်နိုင်ပြီး ကိုယ်ပိုင်အိုင်ဒီယာ၊ ကိုယ်ပိုင်အတွေးအမြင်ဖြင့်  ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်နိုင်စွမ်းရှိပေသည်၊၊

ကျွန်တော်တို့ လေးစားအားကျရသော အာဇာနည်ခေါင်းဆောင်ကြီး၏ အရည်အသွေးများအနက်မှ စာဖတ်ခြင်းအလေ့တစ်ခုကိုကား အားလုံး၏ အထူးသဖြင့်  လူငယ်များ၏နှလုံးသားတွင် ကိန်းအောင်းအတုယူရမည့် အလေ့အကျင့်တစ်ခုအဖြစ် မှတ်ယူစေချင်ပါသည်။ အနာဂတ်မျိုးဆက် များအတွက် အလိုအပ်ဆုံးသောအရာတစ်ခုလည်း ဖြစ်နေသည်၊၊ စာများများဖတ်စေချင်သည်။ စာဖတ် ဝါသနာပါစေချင်သည်။  တန်ဖိုးရှိသောအချိန်ကို စာဖတ်ခြင်းဖြင့် အချိန်ကုန်စေချင်သည်၊၊ လောကဓံကို မတုန်လှုပ်၊ ကျဉ်းမြောင်းကျပ်တည်းသော အချိုးအကွေ့များစွာကို  ကျယ်ပြန့်သောအတွေးများ၊ မှန်ကန်သောအလုပ်များဖြင့် ရင်ဆိုင်ကျော်ဖြတ်စေ ချင်သည်၊၊ ကျရာကဏ္ဍ၊ ကျရာနယ်ပယ်မှာ နိုင်ငံနှင့် လူမျိုးအတွက် အာဇာနည်ဂုဏ်ဒြပ်များဖြင့်ပြည့်ဝသောအာဇာနည်များသာ ဖြစ်စေချင်ပါသည်၊၊  ။