ဦးရဲအောင်သန်း

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပသည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ တက်ရောက်ဂါရဝပြုကြသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များပြောကြားသည့် အမှတ်တရစကားသံများကို ကောက်နုတ်စုစည်းဖော်ပြလိုက်ပါသည်- 

ဦးရဲအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်)

ဦးလေးဖြစ်တဲ့ ဦးအောင်ဆန်းဦးက ကျန်းမာရေး မကောင်းဘူး။ ဒါကြောင့် သူ့ရဲ့ကိုယ်စားတက်ရောက် တာပါ။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြတဲ့အတွက် လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့အောင် စောင့်ရှောက်သင့်ပါတယ်။ ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ 

ဦးရဲမြင့်အောင် (သခင်မြ၏ မိသားစုဝင်)

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လိုအပ်ပါတယ်။ အလွန်ကို အရေးကြီးပါတယ်။ အရေးကြီး တယ်ဆိုတာက ကျဆုံးသွားတဲ့၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ အာဇာနည်တွေထဲမှာ လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ 

လူမျိုးပေါင်းစုံဆိုတာက ကိုယ့်တိုင်းရင်းသား​တွေတင် မဟုတ်ပါဘူး။ မူဆလင်လည်းပါတယ်။ ခရစ်ယာန်လည်းပါတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ လွတ်လပ်ရေးရဖို့တစ်ခုတည်းကို အာရုံစိုက်ပြီး လုပ်ခဲ့ကြတယ်။ အခုအချိန်မှာ အားလုံးစည်းစည်းလုံးလုံးနဲ့လုပ်ကြရင် အဆင်ပြေမှာပါ။ နိုင်ငံဖွံ့ဖြိုး တိုးတက်နိုင်ပါတယ်။

ဦးသန့်ဇင်ချို (ဒီးဒုတ်ဦးဘချို၏ မိသားစုဝင်)

တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့နေမှသာ တိုင်းပြည် တိုးတက်မှာဖြစ်ပါတယ်။ အားလုံးစိတ်ဝမ်းမကွဲဘဲ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနေကြဖို့ တိုက်တွန်း ချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဖို့ ငြိမ်းချမ်းပြီးတည်ငြိမ်မှုရှိဖို့က အဓိကပါ။ အဲဒီလို ငြိမ်းချမ်းမှုရှိပြီးတော့ တည်ငြိမ်မှုရှိဖို့ဆိုတာလည်း တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး၊ ညီညီ ညွတ်ညွတ်နဲ့ ပဋိပက္ခတွေ မရှိကြဘူးဆိုရင် ဒီဟာကအကောင်အထည်ပေါ်မှာပါ။ ဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ နိုင်ငံတိုင်းနိုင်ငံတိုင်း၊ အဓိကကတော့ ကျွန်တော်တို့တိုင်းရင်းသားတွေ အများကြီး ဝိုင်းရံထားတဲ့နိုင်ငံမှာ အင်မတန်မှ အရေးကြီးပါတယ်လို့ ထင်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့ အဓိကကတော့ ပွင့်ပွင့်လင်းလင်းနဲ့ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က နားလည်ပြီး ခွင့်လွှတ်ပေးကြမယ်ဆိုရင် အကောင်းဆုံးဖြစ်သွားမှာပါ။ 

စဝ်ကိုင်ဖ (မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိသားစုဝင်)

နှစ်တိုင်းတက်ခဲ့ပါတယ်။ သိုက်သိုက်မြိုက်မြိုက်နဲ့ သတိတရလာရောက်ဂါရဝပြုကြတာ ဝမ်းသာပါတယ်။ အားလုံးညီညီညွတ်ညွတ်နေကြပါလို့ တိုက်တွန်းချင်ပါတယ်။ 

ဒေါ်မြင့်မြင့်ခိုင် (မန်းဘခိုင်၏ မိသားစုဝင်)

ခေါင်းဆောင်ကြီးတွေမျှော်မှန်းတဲ့ လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်၊ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် ကျရာတာဝန်ကနေ အားလုံးစိတ်တူကိုယ်တူ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ခေါင်းဆောင်ကြီးတွေကျဆုံးတာလည်း နှစ်ပေါင်းများစွာ ကြာပါပြီ။ အားလုံးက မိမိရောက်တဲ့နေရာ၊ ကျရာတာဝန်ကို ညီညီညွတ်ညွတ်နဲ့ စိတ်တူကိုယ်တူဖြစ်ဖို့ အရေးကြီးပါတယ်။

စိတ်တူကိုယ်တူဆောင်ရွက်ကြမယ်ဆိုလျှင် မျှော်မှန်းတဲ့ နိုင်ငံတော်ကြီးဖြစ်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။

နန့်စိုးစိုးခိုင် (မန်းဘခိုင်၏ မိသားစုဝင်)

အရေးအကြီးဆုံးက စည်းလုံးညီညွတ်ခြင်းက အရေးအကြီးဆုံးပဲ။ ကျွန်မတို့နိုင်ငံက ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ လွတ်လပ်ရေးအမွေ ကျွန်မတို့ရခဲ့တဲ့အတွက် ဘိုးဘွားတွေကို ကျေးဇူးတင်ကြောင်း အရင်ပြောပြချင်တယ်။

ကျွန်မအဘိုးက ကရင်ခေါင်းဆောင်အဖြစ်နဲ့ ပါဝင်ပြီးတော့ နိုင်ငံအတွက် တည်ဆောက်ခဲ့တဲ့ အတွက်ကျေးဇူးတင်တယ်။စည်းလုံးခြင်းက အရေးကြီးတယ်။ အဲဒါကိုတော့ ကျွန်မတို့က ဆက်လက်ပြီးတော့ တည်ဆောက်ရမယ်။ မျိုးဆက်သစ်တွေအနေနဲ့၊ ကျွန်မတို့ မိသားစုအနေနဲ့ကတော့ ကျွန်မအဘိုးက ပထမဦးဆုံးက ယုံကြည်ခြင်းအမွေကို လက်ဆင့်ကမ်း ပေးတဲ့ ဘုရားသခင်ကိုသိကျွမ်းခြင်းအမွေလေး ကျွန်မတို့ကို ပေးခဲ့တယ်။ အဘိုးတွေကနေပြီးတော့ ကျွန်မတို့ကို ယုံကြည်ခြင်းအမွေပေးခဲ့တယ်။ အဲဒီအတွက်ကို ကျေးဇူးတင်တယ်။ ဒုတိယတစ်ခုက လွတ်လပ်ရေးပေါ့။ လွတ်လပ်ရေးကို ကျွန်မတို့ဆီ လက်ဆင့်ကမ်းခဲ့ပြီ။ ကျွန်မတို့လက်ထက်မှာလည်း ဆက်လက်ပြီး တည်ဆောက်ရမှာဖြစ်တယ်။ ကျွန်မအဘိုးနဲ့ ကျွန်မအဘွား ဒေါ်အေးလုံဆိုရင် မိသားစုကို ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တယ်။ ပြီးရင် ပတ်ဝန်းကျင်ကိုလည်း ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တယ်။ ပြောရမယ်ဆို ဘုရားသခင်ဆီက စီးဆင်းလာတာ။ စည်းလုံးခြင်းဆိုတာလည်း ချစ်ခြင်းမေတ္တာကို အခြေခံပြီးတော့ ဆောင်ရွက်တာ။ အဲဒီတော့ ဘာပဲပြောပြော ကျွန်မတို့ ဆက်လက်ပြီးတော့ ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့အရာကို သားသမီးမြေးတွေက တည်ဆောက်ရမှာဖြစ်ပါတယ်။ 

ဦးလှကြည် (ဦးရာဇတ်၏ မိသားစုဝင်)

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက အရေးကြီးတာပေါ့။ လွတ်လပ်ရေးရခဲ့တာက တိုင်းရင်းသား တွေအကုန်လုံး ညီညွတ်လို့ရခဲ့တာပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက ထွေထွေထူးထူးပြောနေ စရာမလိုပါဘူး ဒါအရေးကြီးတယ်။ အာဇာနည်ခေါင်း ဆောင်ကြီးတွေက သူတို့ဟာသူတို့ အကုန်ပြောဆိုခဲ့ ပြီးသားပါပဲ။ ၊ဘယ်လိုနေရမလဲ၊ ထိုင်ရမလဲ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ခဲ့ကိုင်ခဲ့တာတွေက ဘာတွေလဲဆိုတာ သူတို့လည်း သိပြီးသားပါပဲ။

ဒေါက်တာမင်းမြင့် (ဦးအုန်းမောင်၏ မိသားစုဝင်)

နိုင်ငံတော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် နိုင်ငံတော် အဆင့် ခမ်းခမ်းနားနားဆောင်ရွက်ပေးတဲ့အတွက် မိသားစုဝင်တစ်ယောက်အနေနဲ့ ကျေးဇူးတင်ပါ တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အဖေက ICS အောင်ပြီး ပြန်လာတော့ မြစ်ကြီးနားမှာ တိုင်းမင်းကြီးပေါ့။ တိုင်းမင်းကြီး လုပ်ခဲ့တော့ ဆမားဒူးဝါးနဲ့ တော်တော်ခင်တယ်။

ပင်လုံညီလာခံလုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ဦးအုန်းမောင် ခင်ဗျားသွားလိုက်ဆိုတော့ အဖေကလည်း သွားပေးပါတယ်။ သူက အဖေနဲ့ခင်တော့ ပုဂ္ဂိုလ်ရေး အရယုံကြည်မှုရှိတော့ လိုက်လာတယ်။ ဗိုလ်ချုပ် အောင်ဆန်းကို သွားတွေ့တယ်။ တွေ့တော့ နှစ်ပတ်လောက်ကြာတယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဆင်ပြေသွားတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဖေက တော်တော်လေး ထင်ထင်ရှားရှား လုပ်ခဲ့တယ်။ အောင်လည်း အောင်မြင်ပါတယ်။

ဦးအောင်ကိုကို (ရဲဘော်ကိုထွေး၏ မိသားစုဝင်)

လွတ်လပ်ရေးယူတုန်းကလည်း ပထမဆုံး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီးတော့ ယူခဲ့ရတယ်။ မြန်မာနိုင်ငံကို တောင်တန်းဒေသတွေနဲ့ ပြည်မနဲ့ ကိုခွဲပြီးတော့ လွတ်လပ်ရေးပေးမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတို့ အောင်ဆန်း- အက်တလီ စာချုပ်သွားချုပ်တဲ့အချိန်မှာ သိခဲ့ရတယ်။ ဒါနဲ့ ပြန်လာပြီးတော့ ပြည်နယ်တွေဆင်းပြီး စည်းရုံး ရေးအများကြီး လုပ်ရပါတယ်။ လုပ်တဲ့အခါကျတော့ ပင်လုံစာချုပ်ဆိုတာ ပေါ်လာပြီး လွတ်လပ်ရေး ပေးတဲ့အခါ မြန်မာပြည်တစ်ခုလုံးကိုစုပေါင်းပြီး လွတ်လပ်ရေးရခဲ့တယ်။ အဲဒီမတိုင်ခင်မှာပဲ ဗိုလ်ချုပ် တို့က ကျဆုံးသွားတယ်။ အဲဒီတော့ လွတ်လပ်ရေး ရပြီးတဲ့အခါမှာလည်း အကုန်ပြန်ကြိုးစားပြီးတော့ တည်ဆောက်ခဲ့ရတယ်။ တည်ဆောက်ခဲ့တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တော်တော်လေး ပြန်ရခဲ့တယ်။ အပြည့်အဝတော့မရပါဘူး၊ ဒါပေမဲ့ လှုပ်နိုင်ရှားနိုင်၊ တစ်ပြည်လုံးကို ထိန်းချုပ်နိုင်တဲ့ အဆင့်အထိရခဲ့တယ်။ အဲဒီတော့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖော်ဆောင်နိုင်ခဲ့တယ်။စောစောပိုင်းကတော့ ရန်ကုန်အစိုးရဖြစ်တုန်းကတော့ ရန်ကုန်ကွက်ကွက်ပဲ။ အဲဒါနဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပြန်ပြီးတော့ ကျယ်ပြန့်လာတဲ့အချိန်မှာပဲ ၂၀၂၁ ခုနှစ်ပေါ့လေ။ အဲဒီမှာနိုင်ငံရေး သဘောထားကွဲလွဲမှုကြောင့် အချင်းချင်းမှာလည်း ပြဿနာတွေအများကြီးရှိတယ်။ အခုအချိန်မှာ Geo-politics အရ၊ Geo-economy အရ နိုင်ငံက တော်တော်လေး အချက်အချာကျလာတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘူးဆိုရင်တော့ တိုင်းပြည်က နယ်ချဲ့လက်ထဲကိုပါသွားမှာ။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးက အစွမ်းထက်လာတာနဲ့အမျှ ပြည်တွင်း မှာ အေးဆေးသွားပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွေကို အဆက်မပြတ် လုပ်လို့ရတာပေါ့။ အခုကတော့ သမင်မွေးရင်း ကျားစားရင်းနဲ့ ကုန်နေတာပေါ့နော်။ တည်ဆောက်သမျှ ပြန်ကုန်။ အဲဒီတော့ အဲဒီလို တည်ဆောက်လို့ရပြီဆိုရင် ကျွန်တော်တို့နိုင်ငံက အများကြီးတိုးတက်မှာပေါ့။ တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ တည်ဆောက်နိုင်ဖို့ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရှိဖို့လိုတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက သိပ်အရေးပါတယ်။ အဲဒါကြောင့် အမြန်ဆုံးတည်ဆောက်နေတာဖြစ်တယ်။ ဒီလိုတည်ဆောက်နေတာ အောင်မြင်အောင်လည်း ဝိုင်းပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်းရမှာပဲ။

သတင်းအဖွဲ့