အာကာသအဝန်းအဝိုင်း လုံခြုံရေးတံတိုင်းခတ်

ကိုရင်ဩ

အမေရိကန်ပြည်ထောင်စု၏ ဧကဒသမမြောက် (၁၁ ခုမြောက်)  စစ်ဌာနချုပ်အသစ်ကို  တရားဝင်ထူထောင်လိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ်၂၉ ရက်နေ့တွင် အိမ်ဖြူတော်၌ပြုလုပ်သော အခမ်းအနားတွင် ကြွားကြွားဝင့်ဝင့် ထုတ်ပြန်ကြေညာလိုက်သည်ဆိုသော  သတင်းတစ်ပုဒ်ကို  ကျွန်ုပ်ဖတ်ရှုရသောအခါ အာကာသနယ်ပယ်အတွင်း နည်းပညာစွမ်းပကား မြင့်မား ခြင်းဆီသို့    ဦးတည်ရှေးရှုနေသော          အမေရိကန်ပြည်ထောင်စု၏ သရုပ်သကန်ကို လေ့လာစေ့ငုမိလေ၏။

အာကာသစစ်ဌာနချုပ်          (အတိုကောက် SPACECOM)  ထူထောင်ရခြင်းသည်    ကမ္ဘာပတ်လမ်းကြောင်းအတွင်းအထိတိုင် အမေရိကန်စစ်ဘက်၏  စိုးမိုးနိုင်မှုကို ပြသလိုက်ခြင်းအဖြစ် ကျွန်ုပ်တို့ ရှုမြင်ကြ ရသည်။


“သမိုင်းမှတ်တိုင် စိုက်ထူနိုင်သော နေ့တစ်နေ့ဖြစ်ပေသည်” ဟု သမ္မတ ထရန့်က အိမ်ဖြူတော်ရှိ  နှင်းဆီဥယျာဉ်တွင်ပြုလုပ်သောအခမ်းအနားတွင် ဆိုမိန့်ခဲ့သည်။ အမေရိကန်၏  အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍတွင်  အာကာသဟင်းလင်းပြင်က  အချက်အချာ နေရာတွင်ရှိနေပြီဟု ဆိုနိုင်ကြောင်း၊ အာကာသအတွင်း အမေရိကန်၏   စူပါဖြစ်မှုကို မည်သူကမျှ မေးခွန်းထုတ်ကန့်ကွက်နိုင်မည်မဟုတ်သလို       မည်သည့်အခြင်း အရာကမျှလည်း    မည်သည့်အခါတွင်မျှ  ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း  သူက  ဝင့်ဝင့်ကြွားကြွား လေလုံးထွားခဲ့၏။

ကြွေးကြော်ခဲ့သူ

ဧကန်မူကား သမ္မတ ထရန့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခဲ့စဉ်ကပင်        အာကာသတပ်ဖွဲ့တစ်ဖွဲ့ထူထောင်ရေးအယူအဆကို ကြွေးကြော်ခဲ့သူဖြစ်သည်။ ယခုအခါတွင်မူ    ရွေးကောက်ပွဲကတိစကားအတိုင်း အာကာသတပ်ဖွဲ့   ထူထောင်နိုင်ရေးအတွက်  ရှေ့ပြေး အစီအမံတစ်ရပ်အဖြစ်         အာကာသစစ်ဌာနချုပ်ထူထောင်လိုက်ခြင်းဖြစ်သည်။         သို့တစေမူကား ယင်းဌာနချုပ်ထူထောင်ခြင်းနှင့်ပတ်သက်၍     ကွန်ဂရက်(လွှတ်တော်)၏      အပြီးသတ်အတည်ပြုချက်ရယူရန်လိုအပ်ပေသေးသည်။

ယခုအချိန်အခါသည်ကား  အာကာသလုံခြုံရေး အတွက်  ဆောင်ရွက်ရမည့်  အချိန်အခါပါပေတည်းဟုသမ္မတ  ထရန့်က        အကြောင်းပြပြောဆိုခဲ့သည်။ စစ်ဘက်သုံးဂြိုဟ်တု၊        အရပ်ဘက်သုံးဂြိုဟ်တုဟူ၍ ဂြိုဟ်တုများကို    အမေရိကန်က   လွှတ်တင်ထားပြီး ယင်းဂြိုဟ်တုများသည် အမေရိကန်အကျိုးစီးပွားများကိုထိန်းသိမ်းစောင့်ရှောက်ရာ တွင်   တစ်ခန်းတစ်ကဏ္ဍမှပါဝင်နေကြောင်း၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က ဂြိုဟ်တုဖျက်လက်နက်များကို     တီထွင်ထုတ်လုပ်ထားပြီးဖြစ်ရာ  အာကာသအတွင်း       အနှောင့်အယှက်ပေးခံရခြင်း ဘေးဥပဒ်မှ ကျော်လွှားနိုင်စေရန် အစီအမံများ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  သူက ဆက်လက်ပြောကြားခဲ့သည်။

အခန်းကဏ္ဍ

အာကာသစစ်ဌာနချုပ်၏ အခန်းကဏ္ဍမှာ ဂြိုဟ်တုအခြေပြုရေကြောင်းနှင့်လေကြောင်းသွားလာမှုစနစ်များ တိုးတက်ကောင်းမွန်စေရေး၊ စစ်မြေပြင်များတွင် တိုင်းပြည်တာဝန်ထမ်းရွက်လျက်ရှိကြသော တပ်မတော်သားများနှင့်တပ်မှူးများအတွက် ဆက်သွယ်ရေးစနစ် ချောမွေ့မြန်ဆန်စေရန်   ဆောင်ရွက်ပေးရေးတို့ဖြစ်သည်။   ၄င်းအပြင်ပင်လယ်ရပ်ခြားမှ ဒုံးလက်နက်များ ပစ်ခတ်လာသည့်အခါ မိမိတို့၏တပ်ဖွဲ့များအား အချိန်မီကြိုတင်သတိပေးနိုင်ရေး မှာလည်း ယင်းစစ်ဌာနချုပ်၏ လုပ်ငန်းဆောင်တာတစ်ရပ်ဖြစ်လာပေမည်။

အာကာသစစ်ဌာနချုပ်သည် အာကာသတပ်ဖွဲ့နှင့်ဒွန်တွဲနေသော်လည်း    သဘောသဘာဝချင်း  ကွဲပြား ခြားနားလိမ့်မည်။ စစ်ဌာနချုပ်က စစ်ဦးစီးကွပ်ကဲမှုကိုသာ ရယူထားပြီး အာကာသတပ်ဖွဲ့က တိုက်ခိုက်ရေးလုပ်ငန်း တာဝန်ကို   ရယူရလိမ့်မည်။      အာကာသတပ်ဖွဲ့သည်ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်နှင့် ကမ်းရိုးတန်း စောင့်တပ်တို့နည်းတူ     သတ်သတ်မှတ်မှတ်ဖြစ်သော တိုက်ခိုက်ရေးမစ်ရှင်တာဝန်များကို  ထမ်းဆောင်ရပေ လိမ့်မည်။

အာကာသစစ်ဌာနချုပ် ထူထောင်ခြင်း၊ ထိုမှဆက်၍ အာကာသတပ်ဖွဲ့  ဆက်လက်ထူထောင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ကွန်ဂရက်၏  အတည်ပြုချက်ရယူသည့်အခါ  အာဏာရပါတီမှရော    အတိုက်အခံပါတီမှပါ အမတ်အချို့၏  ဝေဖန်ကန့်ကွက်မှုများနှင့်  တွေ့ကြုံရလိမ့်မည်ဟု ခန့်မှန်းကြသည်။

ဆွေးနွေးကြမည်

အာကာသစစ်ဌာနချုပ်   ထူထောင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲရာတွင်        အောက်လွှတ်တော်နှင့်အထက်လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှုများ  ရှိနေပေသည်။  ဩဂုတ်လ  လွှတ်တော်နားချိန် ကုန်ဆုံး လွန်မြောက်ပြီးနောက်လွှတ်တော်အစည်းအဝေးနောက်     လွှတ်တော်အစည်းအဝေး ပြန်လည်ခေါ်ယူသည့်အခါ      လွှတ်တော်နှစ်ရပ်အကြား ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲနေမှုများကို ဖြေလျှော့နိုင်ရန်   အမတ်မင်းများက  အားသွန်ခွန်စိုက်  ဒူးတိုက်ဆွေးနွေးကြရပေဦးမည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ဂျင်မက်တစ်တာဝန်ယူထားစဉ်      အာကာသတပ်ဖွဲ့ထူထောင်ရေး အယူအဆကို  သူထောက်ခံရန်  လိုလားပုံကို  ပြသခြင်း မရှိခဲ့ချေ။ ထရန့်၏လက်ထက် ပင်တဂွန် (ကာကွယ်ရေး ဌာန)      အကြီးအကဲဖြစ်သူ   မက်တစ်၏အမြင်တွင်မူအာကာသတပ်ဖွဲ့ထူထောင်ခြင်းသည်    ကာကွယ်ရေး ဘတ်ဂျက်ကို            ဖြုန်းတီးရာရောက်သည့်သဘော သက်ရောက်သည်ဟု ယူဆထားပုံရသည်။

သို့ဖြစ်လင့်ကစား ပင်တဂွန်အကြီးအကဲသစ်အဖြစ်မာ့ခ်အက်စပါ  တာဝန်ထမ်းရွက်သည့်အခါ  အာကာသ  စစ်ဌာနချုပ်ထူထောင်ရေးကိုရော      အာကာသတပ်ဖွဲ့ဖွဲ့စည်းရေးကိုပါ   သူက  အားတက်သရော  ထောက်ခံပြောဆိုလာခဲ့သည်။

“အာကာသထဲအထိတိုင်အောင် ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားတွေကို   ကာကွယ်စောင့်ရှောက်ရမှာပါ။ အာကာသလုံခြုံရေးကို    အထူးတာဝန်တစ်ရပ်အနေနဲ့ကျွန်တော်တို့  အာရုံစိုက်လုပ်ကိုင်သွားမယ်၊  အားထည့်လုပ်ကိုင်သွားမယ်၊   အရင်းအမြစ်တွေကို   အသုံးပြုပြီး လုပ်ကိုင်သွားမယ်၊ ပီပီပြင်ပြင်ရှိလှတဲ့ အာကာသရေးရာ  စစ်ဌာနချုပ်ကြီးတစ်ခု   ပေါ်ထွက်လာပါလိမ့်မယ်” ဟူ၍ အက်စပါက ပြောကြားခဲ့သည်။

တစ်စုတစ်ပေါင်းတည်းသော စစ်ဌာနချုပ်သစ်အဖြစ်အာကာသစစ်ဌာနချုပ်ကို    ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး နောက်တိုး  လက်နက်ကိုင်တပ်ဖွဲ့သစ်အဖြစ်  အာကာသ    တပ်ဖွဲ့ကို သီးသီးသန့်သန့် ဆက်လက်ထူထောင်သွားရန်ရည်မှန်းထားသည်ဆို၏။

အာကာသစစ်ဌာနချုပ်သစ်      တစ်သီးတစ်သန့်ထူထောင်ထားနိုင်ပြီဖြစ်သော်လည်း   အာကာသတပ်ဖွဲ့ထူထောင်ရေးတွင် အခက်အခဲများ ဆက်လက်တွေ့ကြုံ ရနိုင်ပုံကို မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၏  ကာကွယ်ရေးဆိုင်ရာ      အာကာသရေးရာကျွမ်းကျင်သူဂျွန်ဆင်က  ထောက်ပြပြောဆိုခဲ့သည်။  ၂၀၂၀  ပြည့်နှစ်ကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းတွင် အာကာသ တပ်ဖွဲ့ထူထောင်ရေးအတွက်  ရန်ပုံငွေရရှိရန်  အစိုးရက မျှော်မှန်းထားသော်လည်း     ကွန်ဂရက်လွှတ်တော်၏ ထောက်ခံမှုရရှိရေးမှာ  မရေရာမသေချာလှပါဟု  သူက ဆိုသည်။

ရင်ပေါင်တန်

အာကာသတပ်ဖွဲ့၌      အမှုတော်ထမ်းရွက်ကြမည့်တပ်ဖွဲ့ဝင်များသည်  အာကာသစစ်ဌာနချုပ်၏  အမိန့်ကိုခံယူကာ  မစ်ရှင်လုပ်ငန်းများကို  ထမ်းရွက်ရန်  တာဝန်အပ်နှင်းခံရပေမည်။ အာကာသတပ်ဖွဲ့ကိုကြယ်လေးပွင့်တပ် ဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်လိမ့်မည်။  အဆိုပါဗိုလ်ချုပ်ကြီးသည် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ပေမည်။ အာကာသ တပ်ဖွဲ့သည်    အခြားတပ်ဖွဲ့များနှင့်   ရင်ပေါင်တန်းကာ ရပ်တည်နိုင်သောအဆင့်ရှိပြီး    တစ်သီးတစ်သန့်  အဖွဲ့ အစည်းတစ်ခုအဖြစ် မိမိခြေထောက်ပေါ်  မိမိရပ်တည်မည်ဟုဆိုသော်လည်း   ယင်းတပ်ဖွဲ့သည်   လေတပ်၏ တစ်စိတ်တစ်ဒေသတပ်ဖွဲ့အဖြစ် လောင်းရိပ်မိနိုင်သည်။ အမေရိကန်ရေတပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မရိန်း တပ်ဖွဲ့ရပ်တည်နေရပုံမျိုးဖြစ်နိုင်ကြောင်း      ဂျွန်ဆင်က သုံးသပ်သည်။

အာကာသစစ်ဌာနချုပ်     တည်ထောင်ခြင်းနှင့်ပတ်သက်၍    နိုင်ငံရေးအရ    သဘောထားကွဲလွဲမှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်သည့်  အလားအလာကိုမူ မတွေ့မြင်ရဟုဆိုသည်။ အထူးအားဖြင့် အာကာသ နည်းပညာအသိုင်းအဝိုင်းက  ထောက်ခံမှုကို  ရရှိထားသည့်အပြင်  စစ်ဘက်ခေါင်းဆောင်ကြီးများကလည်း  လိုလိုလားလားရှိကြသည်။

အာကာသနည်းပညာအရေးကြီးလာသော ယနေ့ကာလတွင် အာကာသစစ်ဌာနချုပ်ထူထောင်ခြင်းသည်မိမိတို့၏နိုင်ငံအတွက်  အခြားနိုင်ငံများနှင့်  အာကာသ    ကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာနိုင်ကြောင်း  ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပသော အမျိုးသားအာကာသ ကောင်စီအစည်းအဝေးတွင် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂျိုးဇက်ဒွန်းဖို့ဒ်က ပြောကြားခဲ့သည်။အာကာသစစ်ဌာနချုပ်၏ အခန်းကဏ္ဍမှာ မြင့်မားလှသော်လည်း  ကနဦးအဆင့်တွင်   ယင်းဌာနချုပ်က အာကာသရေးရာ    တာဝန်ဝတ္တရားများကို  ရယူနိုင်မှုနည်းပါးနေဦးမည်ဟု သုံးသပ်ရသည်။ 

မျက်မှောက်ကာလတွင် လေတပ်၏ အာကာသရေးရာ စစ်တိုင်းက စစ်ဘက်ရေးရာ အာကာသမစ်ရှင်လုပ်ငန်းများ၏ သုံးပုံတစ်ပုံကျော်ဖြစ်သော လုပ်ငန်းပမာဏကို တာဝန်ယူထားပြီးဖြစ်ရာ  အသစ်ပေါ်ထွန်းလာသော        စစ်ဌာနချုပ်အနေဖြင့်တာဝန်ယူရသည့်အပိုင်း  နည်းပါးနိုင်သည့်သဘောမျိုး ဖြစ်သည်။

အသစ်အဆန်းမဟုတ်

ဧကန်မူကား     အာကာသစစ်ဌာနချုပ်ဟူသည်အသစ်အဆန်းမဟုတ်ချေ။    ကနဦးအားဖြင့်      ၁၉၈၅  ခုနှစ်ကပင် အမေရိကန်လေတပ်၊ ကြည်းတပ်နှင့် ရေတပ်တို့၏   အာကာသဆိုင်ရာ     ပူးတွဲစစ်တိုင်းတစ်ခုအဖြစ်အာကာသစစ်တိုင်းအမည်ဖြင့် အာကာသရေးရာ စစ်ရေး တာဝန်များကိုထမ်းဆောင်စေရန်     အစီအမံပြုလုပ်ခဲ့သည်။  သမ္မတထရန့်၏လက်ထက်တွင်    ကြည်း၊  ရေ၊  လေတပ်ဖွဲ့များအတွက် ပူးတွဲတပ်ဖွဲ့အဖြစ် ရပ်တည်နေသော အာကာသစစ်တိုင်းကို အာကာသစစ်ဌာနချုပ်ဟူ၍  အမည်ပြောင်းကာ ပြန်လည်၍ အသက်သွင်းလိုက်ခြင်း သာဖြစ်ကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောကြား ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက်အဆိုပါ အာကာသစစ်တိုင်းကို အမေရိကန် မဟာဗျူဟာ စစ်ဌာနချုပ်နှင့်အတူ ပေါင်းစပ်ဖွဲ့စည်းရန် ၂၀ဝ၂ ခုနှစ်တွင်   စီစဉ်ဆောင်ရွက်ခဲ့ကြသည်။   ယင်းနောက်တွင်အာကာသနှင့်    ကမ္ဘာတစ်လွှားတိုက်ခိုက်ရေးဆိုင်ရာ  ပူးတွဲအထူးလုပ်ငန်းအဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၇ ခုနှစ်အရောက်တွင် ယင်းအထူးလုပ်ငန်းအဖွဲ့ကိုပူးတွဲအာကာသရေးရာစစ်တိုင်းဟူ၍    အမည်သစ်ဖြင့်ခေါ်တွင်ခဲ့ပြန်သည်။

ဩဂုတ် ၂၉ ရက်တွင်  အသစ်တစ်ဖန် ပြန်လည်ပေါ်ထွန်းလာသော  အမေရိကန်အာကာသစစ်ဌာနချုပ်သည်  အားသစ်မာန်သစ်မွေးကာ    ဝင့်ဝင့်ကြွားကြွား ရပ်တည်လာမည့်  စစ်ဌာနချုပ်သစ်အဖြစ်  ဟန်ရေးပြ တော့မည်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အာကာသထဲအထိအချုပ်အခြာအာဏာကို     ဖြန့်ကြက်မည့်အသွင်ကိုဆောင်ကာ အာကာသတပ်ဖွဲ့ထူထောင်ရေးကို  အန္တိမ ရည်မှန်းချက်တစ်ရပ်အဖြစ် သမ္မတ ထရန့်က ဆက်လက်ဆောင်ရွက်သွားလိမ့်မည်ဟု  ကျွန်ုပ် တွေးတောမိရင်း အာကာသအဝန်းအဝိုင်း   လုံခြုံရေးတံတိုင်းခတ်     ဟုကျူးရင့်မိပါသတည်း။      ။