နီဇော်သစ်

 

‘အာကာသသို့ အပြိုင်အဆိုင်’ဆိုသော စကား လုံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ အားပြိုင်ခဲ့သည့်ကာလ၊ တစ်နည်းစစ်အေးခေတ် အစောပိုင်းကတည်းက ခေတ်စားခဲ့သည့် အသုံး အနှုန်းဖြစ်သည်။ ခုနှစ်အားဖြင့်ဆိုလျှင် ၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်း ကာလများအထိ။ နေးလ်အမ်းစထရောင်းနှင့် ဘက်ဇ် အော်လ်ဒရင်တို့ လကမ္ဘာပေါ်၌ ခြေချနိုင်ခဲ့သည့် ၁၉၆၉ ခုနှစ်နောက်ပိုင်း အားပြိုင်မှုလျော့သွားခဲ့သည်။ လျော့သွားသည့်အပြင် နာဆာနှင့် ရော့စ်ကော့စ်မော့စ်တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများပင် ရှိလာခဲ့သည်။

 

ယခုတစ်ဖန် ‘အာကာသသို့ အပြိုင်အဆိုင်’ ဆိုသည့်စကားလုံး တစ်ကျော့ပြန်ခေတ်စားလာပြီ။ ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခု၏ ပြိုင်ဆိုင်မှုမဟုတ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာကြီးနှစ်ဦး၏ ပြိုင်ဆိုင်မှုဖြစ်လာသည်။ အီလွန်မက်စ်နှင့် ဂျက်ဖ်ဘီဇော့။ စပေ့စ်အိတ်စ် (SpaceX) နှင့် ဘလူးအော်ရီဂျင် (Blue Origin)။

 

အသက်ဝင်လာခြင်း

ထိုပြိုင်ဆိုင်မှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က ပိုမိုအသက်ဝင်လာသည်။ ထိုနေ့တစ်ရက်တည်းမှာပင် ကုမ္ပဏီနှစ်ခုလုံးက ဒုံးပျံများ စမ်းသပ်ပစ်လွှတ်မှုများ လုပ်ခဲ့ကြ၍ပင်။

 

ဘလူးအော်ရီဂျင်က သူတို့၏ ပထမဆုံး ဒုံးပျံနယူးဂလင်း (New Glenn)ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ပစ်လွှတ်မှုမှာ အောင်မြင်သည်။ ရည်ရွယ်ချက်အတိုင်း ဂြိုဟ်တုပုံစံငယ်တစ်ခုကို ကမ္ဘာပတ်လမ်းထဲသို့ လွှတ်တင်နိုင်ခဲ့သည်။ နယူးဂလင်းဒုံးပျံသည် မက်ထရစ်တန် ၁၃ တန်ခန့် ကို တင်ဆောင်သွားခဲ့ရာ အာကာသ ဝန်စည်စလယ်တင်ပို့မှုတွင် စပေ့စ်အိတ်စ်၏ ဖဲလ်ကွန်-၉ (Falcon 9) ဒုံးပျံအတွက် ပြိုင်ဘက်ကောင်း ဖြစ်လာသည်။ ကမ္ဘာပတ်လမ်းနိမ့်သို့ မက်ထရစ်တန် ၄၅ တန်၊ ကမ္ဘာပတ်လမ်းမြင့်သို့ မက်ထရစ်တန် ၁၃ တန် တင်ပို့နိုင်ရန် ဒီဇိုင်းဆွဲထားသည်။ ပစ်လွှတ်မှုအောင်မြင်သော်လည်း ဒုံးပျံမှာမူ ပြန်လည်ကောက်ယူနိုင်ရန် ကြိုတင်စီစဉ်ထားသည့် ဧရိယာထဲသို့ မကျရောက်ခဲ့ပေ။ ထို့ကြောင့် ပြန်လည်အသုံးပြုနိုင်စွမ်းအပေါ်တွင် ဆက်လက်အားထုတ်ရန်လိုနေသေးသည်ဟု ဆိုနိုင်သည်။

 

စပေ့စ်အိတ်စ်၏ စူပါဟဲဗီးဒုံးပျံကမူ ခုနစ်ကြိမ်မြောက် စတားရှစ် စမ်းသပ်ပစ်လွှတ်မှုတွင် ဂြိုဟ်တုပုံစံငယ် ၁၀ ခု အပါအဝင် မက်ထရစ်တန်ချိန် ၂၅ တန်ခန့်ကို သယ်ဆောင်သွားခဲ့ရာ အာကာသဝန်စည် စလယ်တင်ပို့မှုတွင် သူ့စံချိန်သူ ပြန်ချိုးခဲ့ပြန်သည်။ စူပါဟဲဗီးသည် ကမ္ဘာပတ်လမ်းနိမ့်သို့ ဝန်စည်မက်ထရစ်တန် ၂၅၀၊ ကမ္ဘာပတ်လမ်းမြင့်သို့ မက်ထရစ်တန် ၁၅၀ တင်ပို့ရန် ဒီဇိုင်းဆွဲထားသည်။ စပေ့စ်အိတ်စ်၏ စမ်းသပ် ပစ်လွှတ်မှုမှာ စတားရှစ်အာကာသယာဉ်ကို လွှတ်တင်ပေးခဲ့ပြီး စူပါဟဲဗီးပြန်ဆင်းလာကာ ဒုံးလွှတ်စင် လက်တံနှစ်ခုကြား၌ ပြန်ဖမ်းမိသည်အထိ အောင်မြင်ခဲ့သည်။ သို့သော် စတားရှစ်အာကာသယာဉ်မှာ လမ်းခုလတ်တွင် ပေါက်ကွဲသွားခဲ့သည်။ လောင်စာယိုစိမ့်မှုကြောင့်ဟု ခန့်မှန်းထားပြီး အမေရိကန်လေကြောင်း အာဏာပိုင် (FAA)ကို အကြောင်းရင်း စုံစမ်းတင်ပြရန် အမိန့်ထုတ်ထားသည်။

 

မည်သို့ပင် အားနည်းချက်များရှိနေပါစေ ပုဂ္ဂလိကကုမ္ပဏီကြီးနှစ်ခု၏ အာကာသနည်းပညာ အားပြိုင်မှုကို ကျွန်တော်တို့ မျက်ဝါးထင်ထင်မြင်တွေ ရဖို့က သေချာနေပြီဖြစ်သည်။

 

အာကာသ ပြိုင်ဆိုင်မှုဟုဆိုသည့်တိုင် ရည်မှန်းချက်များမှာ ကွဲပြား၏။ စပေ့စ်အိတ်စ်က အင်္ဂါဂြိုဟ်ကို ကိုလိုနီပြုရန်နှင့် အာကာသသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကျဆင်းလာရန်ဦးတည်သည်။ ဘလူး အော်ရီဂျင်က သန်းနှင့်ချီသောလူများ အာကာသအတွင်း နေထိုင်အလုပ်လုပ်ပြီး မြေကမ္ဘာအတွက် အကျိုးပြုနိုင်စေရန် ဦးတည်သည်။ အာကာသခရီးသွား လုပ်ငန်းလုပ်ရန် ရည်ရွယ်ထားပြီး ပထမဆုံးခရီးစဉ် တွင် ဘီဇော့ကိုယ်တိုင် လိုက်ပါသွားခဲ့ရာ ကမ္ဘာ့သူကြွယ်ကြီးများကြွားလုံးထုတ်နိုင်ရန် မျက်စိကျနေပြီဖြစ်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်လာသည်။

 

တူညီသည့်အချက်မှာ နှစ်ဖွဲ့လုံးက ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံများ တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြန်လည် အသုံးပြုနိုင်သော ဒုံးပျံများကြောင့် ဂြိုဟ်တုလွှတ်တင်စရိတ်သည် ယခင်အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိခဲ့ရာမှ ယခု ၁၀ သန်းဝန်းကျင်သာ ကုန်ကျတော့သည်။ နောက်တစ်ချက်မှာ နှစ်ဖွဲ့လုံးက ဂြိုဟ်တု အင်တာနက်ကို ဦးတည်ထားကြခြင်းဖြစ်သည်။ ထိုရည်မှန်းချက်တွင် စပေ့စ်အိတ်စ်က အပြတ်အသတ် အသာရထားသည်။ စပေ့စ်အိတ်စ်၏ စတားလင့်ဂြိုဟ်တုများသည် ကမ္ဘာပတ်လမ်းတွင် စတင်အလုပ်လုပ်နေပြီ ဖြစ်ပြီး ဘလူးအော်ရီဂျင်၏ ပရောဂျက်ကွီပါမှာ စလုံးရေစအဆင့်မှာပင် ရှိနေသေးသည်။ သို့သော် နှစ်ဖွဲ့လုံးမှာ ဂြိုဟ်တုကြယ်စင်စု စုဖွဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်ဝန်ဆောင်မှုလွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားကြသည်။

 

နာဆာ ပရောဂျက်များ

ထိုသို့ ပုဂ္ဂလိကအာကာသလုပ်ငန်းကြီးများ ပေါ်ထွက်လာခြင်းမှာ အမေရိကန် အာကာသ အေဂျင်စီ နာဆာအတွက် ဝန်ထုပ်ဝန်ပိုးများလျော့ကျ လာနိုင်သည်။ အထူးသဖြင့် နှစ်ပေါင်း ၅၀ ကျော် တိမ်မြုပ်သွားခဲ့သော လကမ္ဘာစီမံကိန်းများကို ပြန်လည်အသက်သွင်းမည့် အာတီမစ် ပရောဂျက်များအတွက် များစွာ အကူအညီရလာသည်။ ကုမ္ပဏီနှစ်ခုအနေဖြင့်လည်း ဘီလီယံချီသည့်ပရောဂျက် ကြီးများရရှိသောကြောင့် ဘီဇော့နှင့် မက်စ်တို့ကို ပိုမိုချမ်းသာကြွယ်ဝလာစေခဲ့သည်။

 

ဘလူးအော်ရီဂျင်သည် အာတီမစ် ပရောဂျက်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ ၂၀၂၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလများတွင် လွှတ်တင်ရန်ရည်ရွယ်ထားသည့် လကမ္ဘာပေါ်သို့ လူသားခြေချမည့် အာတီမစ်(၅) စီမံကိန်းတွင် ဘလူးအော်ရီဂျင်က လဆင်းယာဉ်ကို တာဝန်ယူ ထားရသည်။ ဘလူးအော်ရီဂျင်၏ နှစ်ဆင့်လဆင်း ယာဉ် ဘလူးမွန်းသည် လူသားတို့အပြင် သိပ္ပံနှင့် နည်းပညာကိရိယာများကိုပါ လမျက်နှာပြင်ပေါ်သို့ တင်ပို့ပေးမည်ဖြစ်သည်။ ထိုစီမံကိန်းအတွက် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံတန် စာချုပ် ချုပ်ဆိုထားသည်။ ထို့ပြင် နာဆာ၏ မစ်ရှင်အားလုံးအတွက် အင်ဂျင်ပိုင်းကိုလည်း ဘလူးအော်ရီဂျင်က ရထားသည်။ ဘလူးအော်ရီဂျင်၏ ဘီအီး-၄ အင်ဂျင်ကို နာဆာက အဓိကအသုံးပြုမည်ဖြစ်သည်။ နာဆာ၏ အနာဂတ် အာကာသစခန်းစီမံကိန်း အော်ဘစ်တယ် ရိဖ် (Orbital Reef) တွင်လည်း ဘလူးအော်ရီဂျင် ပါဝင်သည်။ ကမ္ဘာပတ်လမ်းကြောင်းနိမ့်ထဲသို့ ခရီးသွားလုပ်ငန်းလုပ်ရန်နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ပေးရန်ဖြစ်သည်။

 

အာတီမစ်တွင် စပေ့စ်အိတ်စ်ကလည်း နောက်မှ ပါဝင်နိုင်ခဲ့သည်။ ၂၀၂၅ မစ်ရှင် အာတီမစ်(၃)တွင် စတားရှစ် လဆင်းယာဉ်ကို တာဝန်ယူ တည်ဆောက်ပေးရမည်ဖြစ်သည်။ လဆင်းယာဉ်ဟုသာခေါ်သော်လည်း ယခင်ကလို လဆင်းယာဉ်သက်သက် မဟုတ်တော့။ ပြန်တက် ချိန်တွင်လည်း ထိုယာဉ်ဖြင့်သာ ပြန်တက်မည်ဖြစ်ရာ ပြန်လည်အသုံးပြုနိုင်သော လွန်းပြန်ယာဉ်သဘော မျိုးဖြစ်သည်။ စပေ့စ်အိတ်စ်၏ ခရူးဒရက်ဂွန်(Crew Dragon) အာကာသယာဉ်သည် အပြည်ပြည်ဆိုင်ရာ အာကာသစခန်း(ISS)သို့ အကြိုအပို့လုပ်ပေးရန် တာဝန်ယူထားပြီ ဖြစ်သည်။ ထိုယာဉ်ဖြင့်ပင် ထောက်ပို့လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ရာ ၂၀၁၂ ခုနှစ် မှ လက်ရှိအချိန်ထိ အကြိမ် ၃၀ ထောက်ပံ့ပို့ဆောင် ပေးထားပြီးဖြစ်သည်။

 

အထွေထွေသုံးနည်းပညာ

အာကာသနည်းပညာသည် အထွေထွေသုံး နည်းပညာတစ်ရပ် ဖြစ်လာနိုင်သည့် အလားအလာရှိသော နည်းပညာတစ်ရပ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကတည်းက စတင်ဖွံ့ဖြိုးတိုးတက ခဲ့သော်လည်း အဓိကအားဖြင့် ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ရပ်တန့်နေခဲ့ရသည်။ ယခုအမေရိကန် ပုဂ္ဂလိကလုပ်ငန်းကြီးများ ဝင်ရောက်လာခြင်းကြောင့် ပြန်လည်ရှင်သန်လာပြီဖြစ်သည်။ ထို့ပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများသည် အာကာသနည်းပညာနယ်ပယ်ထဲသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေကြပြီလည်းဖြစ်သည်။ အကျိုးအမြတ် ဖြစ်ထွန်းမှုမှာလည်း မက်စ်နှင့် ဘီဇော့ကိုကြည့်ရုံဖြင့် သိသာနေရာ နောက်ထပ် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝင်ရောက်ရန် ကြိုးစားလာမည်မှာလည်း သေချာလှသည်။ ထိုသို့ အပြိုင်အဆိုင်ဖြစ်လာခြင်းသည် အသုံးပြုမှုကုန်ကျစရိတ်ကို ကျဆင်းလာစေပြီး အများသုံး နည်းပညာ တစ်ရပ်ဆီသို့ ဦးတည်လာနိုင်သည်။ ထိုမှတစ်ဆင့် သီးခြားကျွမ်းကျင်မှုမလိုအပ်ဘဲ လူတိုင်းသုံးနိုင်သည့် အထွေထွေသုံးနည်းပညာ တစ်ရပ်ပင်ဖြစ်လာနိုင်သည်။ ။

 

Ref: spacex.com

blueorigin.com

nasa.org