အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ရှိ ဘောလုံးကွင်းအား အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိ

မုံရွာ ၁၆  ဇူလိုင် 
    

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းရှိ ဘောလုံးကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်လျက်ရှိကြောင်း အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
    

၎င်းကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းအားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ဘောလုံးကွင်း အတွင်းရှိ မီတာ(၄၀ဝ)ပြေးလမ်းအား နိုင်ငံတကာအဆင့်မီ ပြေးလမ်း(၈)လမ်းပါ synthetic ခင်းခြင်း၊ ရေထုတ်မြောင်းများ တည်ဆောက်ခြင်း၊ ဘောလုံးကွင်းပြင်ရှိမြက်များအား ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
    

“ကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေလုပ်နေတာ အခု(၃)လအတွင်း ဝင်လာပြီ။ အခုလုပ်ငန်း အားလုံး ရဲ့(၂၅)ရာခိုင်နှုန်းတော့ပြီးနေပြီ။ ဘဏ္ဍာနှစ်အတွင်းမှာ အပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်၊ ဘောလုံးကွင်း မြက်ခင်းပြင်၊ ပြေးလမ်းတွေအတွင်းမှာမြေညှိတယ်၊ လိုအပ်တဲ့နေရာတွေမြေဖို့တာတို့ မလိုအပ်တဲ့ နေရာတွေက မြေတွေ တူးထုတ်တာတို့ လုပ်ဆောင်နေတယ်၊ ကွင်းအဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေပြီးရင်တော့ ကျောင်းသား/ သူတွေအတွက် လေ့ကျင့်ရေးအစီအစဉ်တွေကို ပိုပြီးအဆင့်မြင့်မြင့်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်””ဟု အားကစား နှင့် ကာယပညာသိပ္ပံ (မုံရွာ)၊ အားကစားကွင်း၊အားကစားရုံပြုပြင်ထိန်းသိမ်းရေးဌာနစုမှလက်ထောက် အင်ဂျင်နီယာ ဒေါ်ဝေမာဦးက ပြောသည်။
    

ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်မှ ငွေကျပ် (၇၄၀.၅)သန်း အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို မေလ (၁၁) ရက်နေ့တွင် စတင်တည်ဆောက်လျက်ရှိရာ ယခုအခါတွင် တည်ဆောက်ရေး လုပ်ငန်းများ (၂၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
                                            

ဝင်းဦး(ဇေယျာတိုင်း)