“အားကစားနည်း ၁၉ နည်းမှ ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၂၉ ခု၊ ကြေးတံဆိပ် ၃၆ ခု စုစုပေါင်း ဆုတံဆိပ် ၈၂ ခု မျှော်မှန်းထားရှိပါတယ်”

 

 

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများ တွေ့ဆုံမေးမြန်းခြင်း

 

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ အပါအဝင် မြို့ကြီးငါးမြို့၌ ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းမည်မျှ ပါဝင်ယှဉ်ပြိုင်မည်၊ မည်သို့ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်၊ အားကစားသမား မည်မျှပါဝင်ယှဉ်ပြိုင်ကြမည်၊ မည်သည့်အားကစားနည်းများမှ ရွှေတံဆိပ် မည်မျှမျှော်မှန်းထားရှိသည်၊ စုစုပေါင်း ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် မည်မျှမျှော်မှန်းပြင်ဆင် ဆောင်ရွက်လျက်ရှိသည် စသည့်အခြေအနေများနှင့် ပတ်သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

 

mdn

 

မေး။ ။(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိလိုပါတယ်။

 

ဖြေ။ ။မြန်မာနိုင်ငံအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားနည်း ၁၉ နည်းရှိပါတယ်။ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်နဲ့ စနူကာ၊ လက်ဝှေ့၊ စစ်တုရင်၊ ခရစ်ကက်၊ E-Sports, ဂျူဒို၊ ဘောလုံး၊ ဗိုဗီနမ် (အားနစ်နဲ့ Kun Bokator အပါအဝင်)၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ ရိုးရာလက်ဝှေ့ (Kun Khmer)၊ ရိုးရာလှေ၊ တင်းနစ် စတဲ့ အားကစားနည်း တွေ ဖြစ်ပါတယ်။

 

ပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအနေနဲ့ကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လကစတင်ပြီး နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) မှာ အားကစားနည်း ၁၁ မျိုးကို စတင်စခန်းသွင်း လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ စခန်းသွင်း လေ့ကျင့်တဲ့ အားကစားနည်းတွေကတော့ ပြေးခုန်ပစ်၊ ဘိလိယက်နဲ့ စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း(ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗိုဗီနမ် (အားနစ်နဲ့ Kun Bokator အပါအဝင်)၊ အလေးမ၊ ဝူရှူး စတဲ့အားကစားနည်းတွေကို အုပ်ချုပ်/နည်းပြ ၇၃ ဦး၊ အားကစားသမား ကျား ၁၇၇ ဦး၊ မ ၁၂၆ ဦး၊ ပေါင်း ၃၀၃ ဦး၊ ပူးတွဲလေ့ကျင့်သည့် အားကစားသမား ၁၇ ဦး အပါအဝင် စုစုပေါင်း ၃၉၃ ဦးနဲ့ ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်ခဲ့ကြပါတယ်။

 

ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ် အသီးသီးမှာ ၂၀၂၂ ခုနှစ် မတ်လနဲ့ ဇူလိုင်လတွေက စတင်ပြီး ဘိလိယက်၊ ဘောလုံး (အမျိုးသမီး)၊ ရိုးရာလက်ဝှေ့ (Kun Khmer)၊ တင်းနစ်၊ ရိုးရာလှေ၊ ခရစ်ကက် စတဲ့အားကစားနည်းတွေကို အုပ်ချုပ်/နည်းပြ ၂၃ ဦး၊ အားကစားသမား ကျား ၄၆ ဦး၊ မ ၆၉ ဦး ပေါင်း ၁၃၈ ဦး၊ ပူးတွဲ လေ့ကျင့်သည့် အုပ်ချုပ်/နည်းပြ နှစ်ဦး၊ ကစားသမားတစ်ဦး အပါအဝင် စုစုပေါင်း ၁၄၁ ဦးနဲ့ ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။

 

ပြိုင်ပွဲမှာ အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ သုံးလကြာ ဘော်လီဘောအားကစား အဖွဲ့ ၃၈ ဦး၊ ဝူရှူးအားကစားအဖွဲ့ ၁၇ ဦး၊ ပြေးခုန်ပစ်အားကစားအဖွဲ့ ၂၅ ဦး၊ လက်ဝှေ့အားကစားအဖွဲ့ ၂၁ ဦး စုစုပေါင်း ၁၀၁ ဦးကို အုပ်ချုပ်/နည်းပြများအပါအဝင် စေလွှတ်လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။

 

မေး။ ။ ပြိုင်ပွဲကို အားကစားနည်းအလိုက် သွားရောက်ယှဉ်ပြိုင်မယ့် ခန့်မှန်းလျာထားတဲ့ အုပ်ချုပ်မှုအဖွဲ့၊ အားကစားနည်းအလိုက်  အုပ်ချုပ်/နည်းပြအဖွဲ့၊ အားကစားသမားအရေအတွက် ခန့်မှန်းအင်အား စာရင်းလေးကိုလည်း သိပါရစေ။

 

ဖြေ။ ။လက်ရှိအနေအထားအရ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြနဲ့ ကစားသမား စုစုပေါင်း ၄၄၆ ဦးခန့်  သွားရောက်ဖို့ စီစဉ်ထားရှိပါတယ်။ ပြိုင်ပွဲသို့ အမှန်တကယ် သွားရောက်ယှဉ်ပြိုင်တဲ့  မြန်မာအားကစားအဖွဲ့မှာ ဖိတ်ကြားခံပုဂ္ဂိုလ်တွေ၊ အုပ်ချုပ်မှုအဖွဲ့၊ ဆေးအဖွဲ့၊ မီဒီယာအဖွဲ့တွေလည်း ပါရှိမှာဖြစ်တဲ့အတွက် ခန့်မှန်းအင်အား ၅၀၀ နဲ့ ၅၁၀ ကြား ရှိနိုင်ပါတယ်။

 

မေး။ ။ ပြိုင်ပွဲကြီးမှာ ထည့်သွင်းကျင်းပမယ့် အားကစားနည်း ၃၆ နည်းအတွက် ချီးမြှင့်မယ့် ရွှေတံဆိပ် အရေအတွက်ကိုလည်း  သိပါရစေ။ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း  ၁၉ နည်းအတွက် ပေးအပ်မယ့် ရွှေတံဆိပ်ဆု အရေအတွက်ကိုလည်း သိပါရစေ။

 

ဖြေ။ ။ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမယ့် အားကစားနည်း ၃၆ နည်းအတွက် လတ်တလောအရ ရွှေတံဆိပ် ၅၈၀ ကျော် ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း ၁၉ နည်းအတွက် ရွှေတံဆိပ် ၃၃၀ ခန့် ပေးအပ်သွား မယ်လို့ သိရပါတယ်။ ချီးမြှင့်မယ့် ဆုတံဆိပ် အတိအကျမပြောနိုင်ရတာကတော့ ဒီနေ့အချိန်အထိ တချို့အားကစားနည်းတွေမှာ ဆုတံဆိပ် အတိုး/အလျှော့ ရှိနိုင်တဲ့အတွက် အနီးစပ်ဆုံး ခန့်မှန်းအရေအတွက်လို့ပဲ ပြောရတာဖြစ်ပါတယ်။

 

မေး။ ။ ပြိုင်ပွဲအတွက်  ကြိုတင်ပြင်ဆင် လေ့ကျင့်နေစဉ်ကာလအတွင်းမှာ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိစေရေးအတွက် စေလွှတ်ယှဉ်ပြိုင်ခဲ့တာရော ရှိပါသလား။

 

ဖြေ။ ။နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့အားကစားအဖွဲ့ချုပ် အသီးသီးမှာ စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရေး အတွက် ဘိလိယက်နှင့် စနူကာအားကစားနည်းအနေနဲ့ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ ကာတာနိုင်ငံကို ပြိုင်ပွဲသုံးကြိမ်၊ ပီတန်းအားကစားနည်းအနေနဲ့ ထိုင်းနိုင်ငံကို တစ်ကြိမ်၊ လှေလှော်အားကစားနည်းအနေနဲ့ ထိုင်းနိုင်ငံကို တစ်ကြိမ်၊ ပြေးခုန်ပစ် အားကစားနည်းအနေနဲ့ ထိုင်း နိုင်ငံကို တစ်ကြိမ်၊ တိုက်ကွမ်ဒိုအားကစားနည်းအနေနဲ့ ထိုင်းနိုင်ငံကိုတစ်ကြိမ်၊ တင်းနစ်အားကစားနည်းအနေနဲ့ သီရိလင်္ကာနိုင်ငံကို တစ်ကြိမ် စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါတယ်။

 

မေး။ ။စခန်းသွင်းအားကစားသမားတွေကို နိုင်ငံခြားသားအဆင့်မြင့် နည်းပြ ငှားရမ်း လေ့ကျင့်ပေးတာရော ရှိပါသလား။ ဘယ်အားကစားနည်းတွေကို၊ ဘယ်နိုင်ငံက နည်းပြတွေ ငှားရမ်းလေ့ကျင့်ခဲ့ တယ်ဆိုတာကိုလည်း သိလိုပါတယ်။

 

ဖြေ။ ။အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း  ပြိုင်ပွဲမှာအောင်မြင်မှု   ရရှိစေရေးအတွက် အားကစားနည်းအလိုက် အောင်မြင်နေတဲ့ နိုင်ငံတွေက နိုင်ငံခြားသား နည်းပြတွေကိုလည်း ငှားရမ်းလေ့ကျင့်ခဲ့ကြတာရှိပါတယ်။ တိုက်ကွမ်ဒို အားကစားနည်းအနေနဲ့ ကိုရီးယားနိုင်ငံ၊ ဂျူဒိုအားကစားနည်းအတွက် ဂျပန်နိုင်ငံ၊ အားနစ်အားကစားနည်းအတွက် ဖိလစ်ပိုင်နိုင်ငံ၊ Kun Bokator အားကစားနည်းအတွက် ကမ္ဘောဒီးယားနိုင်ငံတွေက နိုင်ငံခြားသားနည်းပြတွေ ငှားရမ်းလေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

 

မေး။ ။စခန်းသွင်းလေ့ကျင့်ကာလ တစ်နှစ်နီးပါး ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့ကြတာဖြစ်တဲ့အတွက် အားကစားနည်းအလိုက် ရနိုင်မယ့် ခန့်မှန်းဆုတံဆိပ်အရေအတွက်ရှိရင်လည်း သိပါရစေ။

 

ဖြေ။ ။မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့်  အားကစားနည်း ၁၉ နည်းမှ ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၂၉ ခု၊ ကြေးတံဆိပ် ၃၆ ခု စုစုပေါင်း ဆုတံဆိပ် ၈၂ ခုကို မျှော်မှန်းထားရှိပါတယ်။ ရွှေတံဆိပ် မျှော်မှန်းတဲ့ အားကစားနည်းတွေကတော့ ခြင်းလုံး၊ ဘိလိယက်နှင့် စနူကာ၊ ဝူရှူး၊ အားနစ်၊ ပီတန်း၊ ရိုးရာလက်ဝှေ့ (Kun Khmer)၊ ဂျူဒို၊ ဗိုဗီနမ် အားကစားနည်းတွေဖြစ်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားနည်း အားလုံးအတွက်ကတော့ ငွေ/ကြေး ဆုတံဆိပ်တွေ ခန့်မှန်းထားရှိတာဖြစ်ပါတယ်။ ပြိုင်ပွဲထုံးစံအရ ဆုတံဆိပ်ရရှိမှု အတိုး/ အလျှော့ရှိနိုင်သော်လည်း ပြိုင်ပွဲဝင် အားကစားသမားတွေအနေနဲ့ ခန့်မှန်းဆုတံဆိပ်တွေ ပြည့်ပြည့်ဝဝ ရရှိရေးအတွက် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွား ကြမှာဖြစ်ပါတယ်။

 

မေး။ ။ အားကစားသမားတွေကို စိစစ်ရွေးချယ်တဲ့အခါ စံချိန်စံညွှန်းအပေါ်မှာ မူတည်ပြီး ရွေးချယ်တာလား၊ စံချိန်စံညွှန်းမရှိတဲ့ အားကစားနည်းတွေအတွက်ရော ဘယ်လိုရွေးချယ်ပါသလဲ။

 

ဖြေ။ ။စံချိန်စံညွှန်းရှိတဲ့ အားကစားနည်းတွေဖြစ်တဲ့ ပြေးခုန်ပစ်၊ လှေလှော်၊ အလေးမစတဲ့ အားကစားနည်းတွေအတွက် စခန်းသွင်း လေ့ကျင့်စဉ်ကာလအတွင်း  လက်ရည်စစ်ပြိုင်ပွဲတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး မှတ်တမ်းထားရှိဆောင်ရွက်ပါတယ်။ လက်ရည်စစ်ပြိုင်ပွဲတွေမှာ ရရှိတဲ့ စံချိန်စံညွှန်းတွေနဲ့ အရင် SEA Games ပြိုင်ပွဲစံချိန်တွေနဲ့ နှိုင်းယှဉ်ရွေးချယ်ဆောင်ရွက်တာဖြစ်ပါတယ်။

 

စံချိန်စံညွှန်းမရှိတဲ့ အားကစားနည်းတွေကတော့ အားကစားနည်း အလိုက်သက်ဆိုင်ရာ နည်းပြချုပ်နဲ့ နည်းပြအဖွဲ့မှ နည်းစနစ်ကိုယ်စားလှယ်တွေ၊ အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ပေးအပ် ထားသူတွေနဲ့ စနစ်တကျ အမှတ်ပေးရွေးချယ်တာ ဖြစ်ပါတယ်။

 

မေး။ ။ ပြိုင်ပွဲအတွက် စခန်းဝင်ရောက်နေတဲ့ အားကစားသမားတွေကို နိုင်ငံတော်အနေနဲ့  ဘယ်လို   ကျွေးမွေးထောက်ပံ့မှုတွေ ဆောင်ရွက်ပေးထားပါသလဲ။

 

ဖြေ။ ။စခန်းဝင်ရောက်လေ့ကျင့်နေတဲ့ အုပ်ချုပ်/နည်းပြနဲ့ ကစားသမားတွေကို စားစရိတ်အဖြစ် တစ်ဦးကို တစ်ရက် ကျပ် ၅၀၀၀ နှုန်းနဲ့ ကျွေးမွေးဆောင်ရွက်လျက်ရှိပါတယ်။ လစဉ် ထောက်ပံ့ ကြေးအနေနဲ့ကတော့ A အဆင့်ဆိုရင် တစ်လ နှစ်သိန်း၊ B အဆင့် တစ်လ တစ်သိန်းခွဲ၊ C အဆင့်ဆိုရင် တစ်လ တစ်သိန်း ထပ်ဆောင်း ချီးမြှင့်ပေးထားပါတယ်။ ကစားသမားတွေအနေနဲ့ကတော့ အရင်နှစ် SEA Games ပြိုင်ပွဲမှာရွှေတံဆိပ်ရထားဖူးတဲ့ ကစားသမားဆိုရင် A အဆင့်သတ်မှတ်ပြီး၊ ငွေ/ကြေး ဆုတံဆိပ်တစ်ခုခုရဖူးရင် B အဆင့် သတ်မှတ်ပါတယ်။ ဆုတံဆိပ်မရဖူးသော်လည်း စွမ်းဆောင်မှု ကောင်းမွန်ပြီး အလားအလာရှိတဲ့သူဆိုရင်တော့ C အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် စခန်းဝင်ရောက်နေတဲ့ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြနဲ့ ကစားသမားများ အားလုံးကို T-Shirt, Sport Shirt, Walking Shoes, Track Suit နဲ့ လေ့ကျင့်ရေးသုံးပစ္စည်းများ၊ ပြိုင်ပွဲသုံးပစ္စည်းများ၊ အားကစားနည်းအလိုက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းများအားလုံးကို ဌာနက ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးထားပါတယ်။

 

ဒါ့အပြင် အုပ်ချုပ်/နည်းပြ၊ ကစားသမားတွေအားလုံးကို အားဆေးအမျိုးအစားအလိုက် နေ့စဉ်အားဆေး တစ်ကြိမ်တိုက်ကျွေးပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများကိုလည်း ကိုဗစ်- ၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေး ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ တားမြစ်ဆေးများ သုံးစွဲမှုမရှိစေရေး ပညာပေးဆွေးနွေး​ဟောပြောခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးစစ်ခြင်းနဲ့ Body Composition တိုင်းတာခြင်းများကိုလည်း အားကစားဆေးဘက်ဌာနခွဲက ဆောင်ရွက်ပေးခဲ့ပါတယ်။

 

မေး။ ။နိုင်ငံ့ဂုဏ်ဆောင်ပြီး ဆုတံဆိပ်ရရှိလာမယ့် အားကစားသမားတွေကို နိုင်ငံတော်က ချီးမြှင့်ထောက်ပံ့ပေးမယ့် အခြေအနေတွေကိုလည်း သိပါရစေ။

 

ဖြေ။ ။လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက်မှာ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အားကစားကဏ္ဍကို ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် တွန်းအားပေး ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။ ပြီးခဲ့တဲ့ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးမှာ အောင်မြင်မှုရခဲ့တဲ့ ကစားသမားတွေကို ဘယ်ခေတ်ဘယ်ကာလကမှ မဆောင်ရွက်ပေးဖူးတဲ့ ချီးမြှင့်မှုတွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အားကစားသမားတွေကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ပြီး တစ်ဦးချင်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရရှိသူတွေကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိသူများကို ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများမှာ ရွှေတံဆိပ်ရရှိသူ အသင်းသားတစ်ဦးကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသူအသင်းသား တစ်ဦးကို ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိသူ အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ လာမယ့် (၃၂) ကြိမ်မြောက် ​အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာလည်း အောင်မြင်မှုရရှိခဲ့တဲ့ အားကစားသမားများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားဖို့ လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

 

မေး ။‌ ။(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက် ပြောကြားချင်တာများ ရှိရင် ဖြေကြားပေးပါဦး။

 

ဖြေ ။ ။ပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ချိန် တစ်နှစ်နီးပါးရရှိခဲ့ပါတယ်။ လက်ရှိအချိန်အခါမှာ အားကစားကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အားပေးချီးမြှောက် နေတဲ့ကာလဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဌာနကတာဝန်ရှိသူတွေနဲ့အတူ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ အားကစားအဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ အားကစားသမားတွေရဲ့ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်မှုတွေကို မပြတ်ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ အားကစားသမားတွေ စိတ်ဓာတ်တက်ကြွနေစေဖို့ အားပေးစကား ပြောကြားခြင်း၊ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ နေထိုင်စေရေး ကြပ်မတ်ခြင်း၊ သွားလာ၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုတွေမှာ ကျန်းမာရေးနဲ့အညီ ပြုမူနေထိုင်ရေးနဲ့ ပြိုင်ပွဲတိုင်းမှာ လှေခွက်ချည်းကျန်၊ အလံမလှဲဆိုတဲ့ စိတ်ဓာတ်ဖြင့် ကြိုးပမ်းယှဉ်ပြိုင်ရေးတို့ကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

 

ပြိုင်ပွဲကာလနီးကပ်လာတာနဲ့အမျှ အားကစားသမားတွေရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေအရရော၊ လေ့ကျင့်မှု အခြေအနေအရရော၊ စည်းကမ်းကောင်းမွန်စွာ ပြုမူနေထိုင်မှုအခြေအနေအရပါ ခြုံငုံ ကြည့်ရင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရအောင် စွမ်းဆောင် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို စိတ်ဓာတ်ရေးရာအရ အားပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။

 

တွေ့ဆုံမေးမြန်း- သီဟစည်သူ