အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

၁။ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန် ထုတ်ပြန်သည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အခြေအနေ

 

 (က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်း ရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်ပါသည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ၂၆-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

(ခ) သတိပေးနှိုးဆော်ချက်

 

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၃-၅-၂၀၂၄ ရက်နေ့မှ ၂၅-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၃-၅-၂၀၂၄ ရက်နေ့မှ ၂၄-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ် နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊ ၂၅-၅-၂၀၂၄ ရက်နေ့မှ         ၂၆-၅-၂၀၂၄ ရက်နေ့ အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။

 

အကြံပြုချက်

 

၂။ သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

Crd> မိုး/ဇလ